သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆုံးဖြတ်ချက် ကုလ အတည်ပြု


မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းတွေကြား ငြိမ်းငြိမ်းချမ်းချမ်း အတူတွဲ နေထိုင်နိုင်ကြဖို့နဲ့ တဘက်ကိုတဘက် သည်းခံနိုင်ကြဖို့အတွက် ဘာသာကွဲတွေကြား ဆွေးနွေးမှုတွေကို အားပေးလုပ်ဖို့ အစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ တတိယကော်မတီ အစည်းအဝေးမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကာကွယ်ဖို့နဲ့ လူ့အခွင့်အရေး အခြေအနေ မြှင့်တင်ဖို့ အဆိုမူကြမ်းကို အင်္ဂါနေ့က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ထဲမှာ နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာတွေကို အပြည့်အဝ နိုင်ငံသားပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေးအရရော လူမျိုးရေးအရပါ အားနည်းသူတွေအပေါ် ခွဲခြားဆက်ဆံနေတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေ၊ အကြမ်းဖက်နေတာတွေကို အစိုးရက အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့လည်း တိုက်တွန်းပါတယ်။

အစိုးရက နိုင်ငံရေး၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့ သန္ဓိဌာန်ချထားတဲ့အပေါ်မှာလည်း ကုလသမဂ္ဂ ကြိုဆိုထားပါတယ်။ ပုံမှန်အားဖြင့် ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင်နိုင်ငံတွေကို ကြိုတင်ဖြန့်ဝေထားပြီး ပြင်ဆင်စရာတွေကို
ပြင်ဆင်ခွင့်ပေးပြီးတော့မှ အများသဘော ဆုံးဖြတ်ချက်ချခဲ့တဲ့ ကုလသမဂ္ဂ တတိယကော်မတီရဲ့ ဆုံးဖြတ်ချက်အပေါ် မြန်မာသံအမတ်ကြီး ဦးကျော်တင်က တုန့်ပြန်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အဲဒီလို ပြောကြားခဲ့တဲ့ထဲမှာ မြန်မာနိုင်ငံမှာဖြစ်တဲ့ အကြမ်းဖက်မှုတွေဟာ လူ့အသိုင်းအဝိုင်း အချင်းချင်းကြား ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေသာဖြစ်ပြီး ဆုံးဖြတ်ချက်ထဲမှာ မှားယွင်းဖော်ပြထားသလို ဘာသာတခုအပေါ် တိုက်ခိုက်တာမျိုး မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသုံးတဲ့အပေါ်မှာလည်း ကန့်ကွက်ပြောသွားခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ပေါင်းပြီး ပေးနေသလို ဘာသာရေးခေါင်းဆောင်တွေကြား
ဆွေးနွေးပွဲတွေကိုလည်း အားပေးနေပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်တင်က ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG