သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းခံကျောင်းသားတွေ အမြန်ဆုံး လွှတ်ဖို့ ကုလတောင်းဆို


သပိတ်မှောက်ကျောင်းသားများအား ဖမ်းဆီးနေစဉ်။ (မတ် ၁၀၊ ၂၀၁၅)
သပိတ်မှောက်ကျောင်းသားများအား ဖမ်းဆီးနေစဉ်။ (မတ် ၁၀၊ ၂၀၁၅)

ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက်ကျောင်းသူကျောင်းသား (၁၀၀)ကျော်ကို့ခြွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ သပိတ်ကို ဖြိုခွဲနှိမ်နှင်းရာမှာလည်း အင်အားကို မတန်တဆ အသုံးပြုခဲ့တဲ့ အတွက် မြန်မာအာဏာပိုင်တွေကို ကုလသမဂ္ဂက ဝေဖန်ပြစ်တင်ပြောဆို လိုက်ပါတယ်။ အပြည့်အစုံ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

မြန်မာနိုင်ငံမှာ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် သပိတ်မှောက် ဆန္ဒပြတဲ့ကျောင်းသူကျောင်းသားတွေကို မြန်မာအစိုးရက အင်အားသုံး ဖမ်းဆီးခဲ့တဲ့ အခြေအနေကို ကုလသမဂ္ဂအနေနဲ့ အထူးပဲစိုးရိမ်မကင်းဖြစ်မိကြောင်း လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရအမျိုးသမီး Ravina Shamdasani က ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂမှာ သောကြာနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

"မတ်လ (၁၀)ရက်နေ့က ပဲခူးတိုင်းတောင်ပိုင်း လက်ပံတန်းမြို့မှာ သပိတ်မှောက် ဆန္ဒပြတဲ့ကျောင်းသူကျောင်းသား ၁၀၀ ကျော်အပါအဝင် အခြားဆန္ဒပြသူတွေ ဖမ်းဆီးထိန်းသိမ်းခံထားရတာကို ကုလသမဂ္ဂအနေနဲ့ စိုးရိမ်မကင်းဖြစ်မိပါတယ်။"

အဲဒီထဲက တချို့ကို ပြန်လွှတ်ပေးလိုက်ပြီး ဆိုပေမဲ့ အများစုဟာ သာယာဝတီထောင်မှာ ထိန်းသိမ်းခံထားရဆဲဖြစ်တဲ့အကြောင်းနဲ့ ဖမ်းဆီးခံထားရသူ (၆၀)လောက်ကိုလည်း ပုဒ်မ (၁၈) ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ နဲ့ တရားစွဲထားတယ်လို့ Ravina Shamdasani ကပြောပါတယ်။

"ဆန္ဒပြသူတွေကိုနှိမ်နှင်းဖို့ ရဲတပ်ဖွဲ့ဝင်အင်အား မတန်တဆအသုံးပြုခဲ့တာကို ကုလသမဂ္ဂ အနေနဲ့ စိုးရိမ်မကင်းဖြစ်ရပါတယ်။ မတ်လ (၅)ရက်နေ့က ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲ အာဏာပိုင်တွေ နှိမ်နှင်းခဲ့တာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (OHCHR) ကို မြန်မာအစိုးရဘက်က အကြောင်းကြားခဲ့ပါတယ်။ လက်ပံတန်းမြို့မှာ မတ်လ (၁၀)ရက်နေ့က သပိတ်ကို ဖြိုခွဲနှိမ်နှင်းခဲ့တာကိုလည်း အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးဖို့ OHCHR က တောင်းဆိုထားပါတယ်။"

အစိုးရအနေနဲ့အင်အားတစုံတရာကိုမဖြစ်မနေအသုံးမယ်ဆိုရင်တောင် လုံး၀ လိုအပ်နေလို့ ဒါမှမဟုတ် တဖက်ကလူတွေ ကျူးလွန်တဲ့ ပြစ်မှုအတိုင်းအတာပေါ်မှာ မူတည်ပြီး အင်အားကို ချိန်ဆရမှာဖြစ်ပါတယ်လို့ Ravina Shamdasani ကပြောပါတယ်။

"ပညာရေးဥပဒေပြင်ဆင်ဖို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေ ဖမ်းဆီးထားတာကို ခြွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂအနေနဲ့ တောင်းဆိုပါတယ်။ ဒါအပြင် လွတ်လပ်စွာ ထုတ်ဖေါ်ဆန္ဒပြခွင့်ကို ကန့်သတ်ချုပ်ချယ်တဲ့ ပုဒ်မ (၁၈)လို ဥပဒေမျိုးကိုလည်း ပြင်ဆင်ဖို့ ကုလသမဂ္ဂအနေနဲ့ တိုက်တွန်းပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဦးဆောင်တဲ့ ဒီမိုကရေစီ ပညာရေး ကျောင်းသားသပိတ် ပင်မစစ်ကြောင်းဟာ ဇန်နဝါရီလ (၂၀)ရက်နေ့ကတည်းက မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဒါပေမဲ့ ရန်ကုန်မြို့မရောက်ခင် ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ပိတ်ဆို့တားဆီးခံခဲ့ရပြီး မတ်လ (၁၀)ရက်နေ့မှာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရပါတယ်။

လူသိများတဲ့ ကျောင်းသားခေါင်းဆောင် (၆)ဦးအပါအဝင် ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်ကို အစိုးရက ဖမ်းဆီးထားပါတယ်။ ပညာရေး ဥပဒေပြင်ဆင်ရေး ကျောင်းသားတွေတောင်းဆိုတဲ့ အချက်ထဲမှာ ကျောင်းသား သမဂ္ဂတွေ ဖွဲ့စည်းခွင့်ကို ကန့်သတ်ထားတဲ့ ဗဟိုချုပ်ကိုင်မှု ပညာရေးစနစ်ကို ပြောင်းလဲဖို့နဲ့ တိုင်းရင်းသားဘာသာစကားသင်ကြားရေးကို အထောက်အကူပေးဖို့ စတာတွေပါဝင်ပါတယ်။

XS
SM
MD
LG