သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူနည်းစု လူ့အခွင့်အရေးဆိုင်ရာ ကုလဆုံးဖြတ်ချက်


ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးမောင်ဝေ (ဓာတ်ပုံ- UN Web)
ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးမောင်ဝေ (ဓာတ်ပုံ- UN Web)

ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးအခြေအနေ ဆိုးနေတဲ့နိုင်ငံတွေတောင်မှ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် မြန်မာအစိုးရအပေါ် ထောက်ခံမှုမရှိဘူးဆိုတာကို မကြာသေးခင်ကချမှတ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကပြနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ၂၉ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအရေးအတွင်း မြန်မာ့လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့တဲ့အပေါ် HRW က အခုလို တုံ့ပြန်ပြောဆိုတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

ဇွန်လ (၁၅) ရက်နေ့ကနေ ဇူလိုင်လ (၃) ရက်နေ့ထိ ဂျီနီဗာမြို့မှာကျင်းပခဲ့တဲ့ (၂၉) ကြိမ်မြောက်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အစည်း အဝေးမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေတွေနဲ့ပတ်သက်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ခြင်းမရှိဘဲ ပြီးခဲ့တဲ့သောကြာနေ့က အတည်ပြုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်မူကြမ်းအဆိုကို OIC အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား ပါကစ္စတန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီးက တင်သွင်းခဲ့တာဖြစ်ပါတယ်။ အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့ ပါကစ္စတန်လိုနိုင်ငံမျိုးကတောင် မြန်မာနိုင်ငံတွင်း လူမျိုးရေးခွဲခြားမှု အခြေအနေဆိုးရွားနေတာကို ထောက်ပြပြောဆိုလာတဲ့အတွက် မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် နိုင်ငံတကာထောက်ခံမှုတွေ ဘယ်လောက် ကျဆင်းလာသလဲဆိုတာကို တွေ့မြင်နိုင်တယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကိုပြောပါတယ်။

“တကယ့်ကိုအရေးကြီးတဲ့ဆုံးဖြတ်ချက်ပါ။ ဘာကြောင့်လဲဆိုတော့ အနောက်နိုင်ငံတွေကပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြစ်တင်ပြောဆိုနေတာသာ ဖြစ်ပြီး အခြားနိုင်ငံတွေက စိတ်မဝင်စားဘူးလို့ မြန်မာအစိုးရ အမြဲတမ်းပြောနေတာပါ။ အခုမြန်မာ့အရေးဆုံးဖြတ်ချက်ကို ပါကစ္စတန်နိုင်ငံက ဦးဆောင် တင်သွင်းခဲ့တာဖြစ်ပြီး ဖွံဖြိုးဆဲနိုင်ငံအတော်များများက ထောက်ခံခဲ့ပါတယ်။ ဒါဟာ လူ့အခွင့်အရေးအခြေအနေတွေဆိုးရွားနေတဲ့ ပါကစ္စတန်လိုနိုင်ငံမျိုးဆီကတောင် ထောက်ခံမှုတွေ မရနိုင်ဘူးဆိုတာ မြန်မာအစိုးရကို သတိပေးလိုက်တာပါပဲ။”

ဇူလိုင်လ (၂) ရက်နေ့က လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ မြန်မာ့အရေးဆုံးဖြတ်ချက် မူကြမ်းအဆိုတင်သွင်းခဲ့တဲ့ ပါကစ္စတန် သံအမတ်ကြီး ကလည်း မြန်မာနိုင်ငံမှာ မူဆလင်တွေဟာ အသက်ရှင်နေထိုင်လုပ်ကိုင်ခွင့်၊ လက်ထပ်ထိမ်းမြားခွင့် ၊ မဲပေးပိုင်ခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့် စတာတွေ ချိုးဖောက်ခံနေရတာဟာ ခွဲခြားဆက်ဆံတဲ့ဥပဒေပြဌာန်းချက်တွေကြောင့်ဖြစ်တယ်လို့ အခုလိုပြောသွားပါတယ်။

“ဒီဆုံးဖြတ်ချက်မူကြမ်းအဆိုရဲ့အဓိကရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာမူဆလင်တွေနဲ့ အခြားမြန်မာပြည်တဝှမ်းမှာရှိနေတဲ့ လူနည်းစုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အထူးထောက်ပြဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံမှုတွေမရှိဘဲ လူ့အခွင့်အရေးကို မြှင့်တင်ဖို့နဲ့ ကာကွယ်ဖို့ လိုအပ်တဲ့ကိစ္စရပ်တွေကို သေချာအောင်ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုပါတယ်။”

ဒါ့အပြင် မြန်မာအစိုးရရဲ့ ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေကြောင့် ရိုဟင်ဂျာတွေဟာ အလုံးအရင်းနဲ့ ပင်လယ်ပြင်ကိုဖြတ်ပြီး ဒေသတွင်းနိုင်ငံတွေဆီ ထွက်ပြေး ခဲ့ကြတာ ဖြစ်တယ်လို့လည်း ပါကစ္စတန်သံအမတ်ကြီးကပြောသွားပါတယ်။ ဒီမူကြမ်းရေးဆွဲစဉ်ကာလတလျောက်လုံး OIC အနေနဲ့ ဂျီနီဗာမှာရှိတဲ့ မြန်မာ့ကိုယ်စားလှယ်အဖွဲ့ကို ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးကောင်စီက OIC ကဦးဆောင်တင်သွင်းတဲ့မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုလိုက်တဲ့အပေါ်မှာ မြန်မာအစိုးရဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ ဇူလိုင်လ (၃) ရက်နေ့အစည်းအဝေးအတွင်း ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးမောင်ဝေကလည်း ဒီမူကြမ်းအဆိုဟာ အစကတည်းက တင်ကိုမတင်သင့်တဲ့ အဆိုဖြစ်ပြီး မဟုတ်မမှန်စွပ်စွဲချက်တွေ ပါဝင်နေတယ်လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားပါတယ်။

“ဒီဆုံးဖြတ်ကိုအတည်ပြုလိုက်တာဟာ ဘာကောင်းကျိုးမှာ ဖြစ်စေမှာမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်သက်ရောက်မှုပဲဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ မူဆလင်တွေရဲ့လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်ဆိုတဲ့အယူအဆဟာ အတော်လည်းကို လွဲနေပါတယ်။ မှားယွင်းနေတဲ့အမြင်သာဖြစ်ပြီး အဖြစ်အပျက် အမှန်တွေမဟုတ်ပါဘူး။”

(၂၉) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအစည်းအဝေးရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မှာတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ အခြား လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လာမယ့် လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွေမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးအနေနဲ့ တင်ပြပေးဖို့ ပန်ကြားထားပါတယ်ရှင်။

XS
SM
MD
LG