သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားနိုင်ငံမှာ ရှိနေတဲ့ ဓာတုလက်နက်တွေကို ဖျက်ဆီးပစ်ဖို့ တောင်းဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကို သဘောတူညီမှု ရယူဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ထိပ်တန်း သံတမန် ၅ ဦးဟာ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon က နိုင်ငံပေါင်း ၁၉၀ နီးပါးက ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ဖွင့်လှစ်လိုက်တဲ့ အချိန်မှာပဲ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နဲ့ တရုတ် ၅ နိုင်ငံက ကိုယ်စားလှယ်တွေ နယူးယောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

ဆီးရီးယားနိုင်ငံက မြို့တော်မှာ သြဂုတ်လ ၂၁ ရက်နေ့က Sarin အဆိပ်ငွေ့နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အတည်ပြုတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ အစီရင်ခံစာ တနင်္လာနေ့မှာ ထွက်လာခဲ့ပြီးနောက် ဒီဆွေးနွေးပွဲကို ပြုလုပ်တာဖြစ်ပြီး ဒီသီတင်းတပတ်လုံး ဆက်ပြီးကျင်းပသွားမှာပါ။

ရှာဖွေရရှိတဲ့ အထောက်အထားတွေဟာ ငြင်းလို့မရအောင် ခိုင်မာတယ်။ အာရုံကြောကို ပျက်ဆီးစေတဲ့ အဆိပ်ငွေ့တွေကို ပမာဏအများကြီး သုံးသွားခဲ့တယ်ဆိုတာ အသေအချာ အတည်ပြုလို့ရကြောင်း Mr. Ban Ki-moon က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် Damascus မြို့်တော်က ဆင်ခြေဖုံး - သူပုန်တွေ ထိန်းချုပ်ထားတဲ့ Ghouta ရပ်ကွက်မှာ လူပေါင်း ၁၄၀၀ သေဆုံးခဲ့ရကြောင်း ထောက်လှမ်းရေး အချက်အလက်ကို အမေရိကန် သမ္မတ Barack Obama နဲ့ တခြား အနောက်တိုင်း ခေါင်းဆောင်တွေကလည်း ထောက်ပြတာပါ။

ဆီးရီးယားသမ္မတ Bashar al-Assad ကို သစ္စာခံတဲ့ တပ်တွေက ဒီတိုက်ခိုက်မှုကို လုပ်ဆောင်တာလို့ သူတို့က စွပ်စွဲနေပြီး ဒါကို မစ္စတာ အာဆတ်က ငြင်းဆန်သလို ရုရှားနဲ့ တရုတ်တို့ကလည်း အလားတူ ငြင်းဆန်နေပါတယ်။
XS
SM
MD
LG