မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ဒီနှစ် ၂၀၂၁ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း နေရပ်စွန့်ခွာရသူတွေ သိသိသာသာ တိုးလာခဲ့ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
“UNHCR ရဲ့ အစီရင်ခံစာအရ၊ အကြမ်းဖက်မှုတွေ၊ မလုံခြုံမှုတွေနဲ့ ရာသီဥတုဖောက်ပြန်မှုဒဏ်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာ ကမ္ဘာတလွှားမှာ အခုအခါ ၈၄ သန်းကျော် ရှိနေပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က နယူးယောက် ကုလသမဂ္ဂရုံးချုပ်က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
ဇန်နဝါရီလကနေ ဇွန်လအထိ အချက်အလက်တွေကို စုစည်းထားတဲ့ UNHCR ရဲ့ ပထမနှစ်ဝက် အစီရင်ခံစာမှာတော့ ကမ္ဘာတလွှားက ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်တွင်းမှာ နေရပ်စွန့်ခွာကြရသူ အရေအတွက်ဟာ ၅၁ သန်းနီးပါး ရှိခဲ့ပြီး မြန်မာနိုင်ငံမှာလည်း နေရပ်စွန့်ခွာရသူ ၁ သန်းကျော် ရှိကြောင်း ခန့်မှန်းထားပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ကတော့ နေရပ်စွန့်ခွာရတဲ့ အကြောင်းရင်းတွေဖြစ်တဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားဖို့ နိုင်ငံတကာ အသိုင်းအဝန်းက ပျက်ကွက်နေကြောင်း အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။ နိုင်ငံတကာ အနေနဲ့ ငြိမ်းချမ်းရေးရအောင် ၂ ဆတိုး ကြိုးပမ်းဖို့ လိုအပ်နေတဲ့ တချိန်တည်းမှာပဲ၊ နေရပ်စွန့်ခွာရသူတွေနဲ့ လက်ခံထားတဲ့ လူမှုအသိုင်းအဝန်းအတွက် လိုအပ်တဲ့ အကူအညီတွေရအောင် ကြိုးပမ်းဖို့လည်း တိုက်တွန်းထားပါတယ်။
--------------------