သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာ တိုက်ဖျက်ရေး ကုလ ငွေမပြည့်သေး


အီဘိုလာအရေး ကုလမှာ ဆွေးနွေး။
အီဘိုလာအရေး ကုလမှာ ဆွေးနွေး။

အနောက်အာဖရိကဒေသမှာ လူပေါင်း ၄၅၀၀ ခန့် သေဆုံးခဲ့ရပြီးဖြစ်တဲ့ အီဘိုလာရောဂါ တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂကို ထည့်ဝင်တဲ့ ရန်ပုံငွေ မလောက်မင ဖြစ်နေပါတယ်။ ဒါကြောင့် ရန်ပုံငွေထည့်ဝင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်း လိုက်ပါတယ်။

ဒီအတောအတွင်း Ivory Coast နဲ့ မာလီ နိုင်ငံတွေမှာ အီဘိုလာရောဂါ ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှု အခြေအနေတွေကို လေ့လာသုံးသပ်ဖို့အတွက် လာမယ့် ရက်ပိုင်းတွေတွင်း အဲဒီနိုင်ငံတွေကို ကျန်းမာရေးအဖွဲ့တွေ စေလွှတ်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။

ပြီးခဲ့တဲ့လနှောင်းပိုင်းကစလို့ ဂီနီ၊ လိုင်ဘေးရီးယားနဲ့ Sierra Leone နိုင်ငံတွေမှာ အဓိက ဖြစ်ပွားနေတဲ့ အီဘိုလာကြောင့် လူပေါင်း ၄၅၀၀ လောက် သေဆုံး ခဲ့ရပြီးပါပြီ။ လိုင်ဘေးရီးယားနိုင်ငံမှာတော့ ခုတင် ၁၀၀ ဆေးရုံပေါင်း ၁၇ ခု တည်ဆောက်ဖို့အတွက် လိုင်ဘေးရီးယားတပ်ဖွဲ့တွေကို အမေရိကန် စစ်တပ်က ကူညီပေးနေပါတယ်။

ဒီဇင်ဘာလ ပထမပတ်မှာ ဒီဆေးရုံတွေ အားလုံးကို အပြီး တည်ဆောက်နိုင် မှာဖြစ်တယ်လို့ အမေရိကန်ရဲ့ ရောဂါဘေးဆိုင်ရာ တုံ့ပြန်လုပ်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် Ben Hemingway က ပြောပါတယ်။

အီဘိုလာကြောင့် သေဆုံးသူ ၈၀၀ ကျော်သွားပြီဖြစ်တဲ့ ဂီနီနိုင်ငံမှာလည်း ဒီရောဂါတိုက်ဖျက်ရေးအတွက် အမေရိကန်က ဒေါ်လာ သန်းနဲ့ချီ တိုးမြင့်ပြီး အကူအညီတွေ ပေးနေပါတယ်။

အီဘိုလာရောဂါ စောင့်ကြည့် စစ်ဆေးမှုတွေ တိုးမြင့်လုပ်ဆောင်နိုင်ဖို့၊ အီဘိုလာ ကုသရေးဌာနတွေ အမြန်ဆုံး ဖွင့်လှစ်ပေးနိုင်ဖို့၊ ကျန်းမာရေးဝန်ထမ်းတွေ စုဆောင်းဖို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်မခံရအောင် ကာကွယ်နိုင်ဖို့ အတွက် လေ့ကျင့် သင်တန်း ပေးမှုတွေ တိုးမြင့်ပေးသွားနိုင်ဖို့ အတွက် အမေရိကန်ဒေါ်လာ ၁၄၂ သန်း တိုးမြင့် ပေးသွားမယ်လို့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီတွေ ပေးနေတဲ့ အမေရိကန်အေဂျင်စီ USAID အကြီးအကဲ Rajiv Shah က ပြောပါတယ်။

XS
SM
MD
LG