သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာလူသားချင်းစာနာမှု ဝန်ထမ်းတွေ လွတ်လပ်စွာ သွားလာခွင့်နဲ့ လုံခြုံရေး ကန်တောင်းဆို


လူသားချင်းစာနာမှုဝန်ထမ်းများ လုံခြုံရေးကြောင့် ရခိုင်ကနေ ရန်ကုန်ကို ပြန်ရောက်ရှိလာ။ (မတ် ၂၇၊ ၂၀၁၄)
လူသားချင်းစာနာမှုဝန်ထမ်းများ လုံခြုံရေးကြောင့် ရခိုင်ကနေ ရန်ကုန်ကို ပြန်ရောက်ရှိလာ။ (မတ် ၂၇၊ ၂၀၁၄)
ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာကူညီရေးလုပ်ငန်းတွေနဲ့ အကူအညီပေးရေး ဝန်ထမ်းတွေ အကန့်အသတ်မရှိ လွတ်လပ်စွာ သွားလာခွင့်ရှိရုံ တင်မဟုတ်ပဲ၊ ဒီ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကိုပါ လုံလုံလောက်လောက် ရရှိထားဖို့ လိုလိမ့်မယ်လို့ ပြီးခဲ့တဲ့ စစ်တွေအကြမ်းဖက်မှုဖြစ်ရပ်ပေါ် မူတည်ပြီး ရန်ကုန် အမေရိကန်သံရုံးက ပြောဆိုထုတ်ပြန်ပါတယ်။ ဒီအကြောင်းကို သံရုံးပြောခွင့်ရသူနဲ့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့သီတင်းပတ်က အကြမ်းဖက်မှုတွေကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO လုပ်ငန်းအများစု ရပ်နားလိုက်ရပြီး၊ ဝန်ထမ်းအတော်များများကိုလည်း ရန်ကုန်ကို ခေါ်ယူထားရပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်အတွင်းက အကူအညီတွေ လိုအပ်နေတဲ့ ပြည်သူတွေကို ထောက်ပံ့ ကူညီမှုတွေ ပေးနိုင်ဖို့အတွက် ကုလသမဂ္ဂနဲ့ အခြားလူသားချင်း စာနာကူညီမှုအဖွဲ့တွေကို လုံလောက်သွားလာခွင့် စီစဉ်ဆောင်ရွက်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုထားပါတယ်။

ဒါ့အပြင် အကူအညီလိုအပ်ချက်ရှိတဲလူတွေကို ကူညီနိုင်ဖို့ လုံခြုံရေးအရလည်း ဆောင်ရွက်ပေးဖို့ လိုမယ်လို့ ရန်ကုန် အမေရိကန်သံရုံး ပြောခွင့်ရသူ Andrew Leahy က ဗွီအိုအေကို ပြောပါတယ်။

“ရခိုင်ဒေသရဲ့ ဝန်းကျင် အခြေအနေဟာ လူသားချင်း စာနာကူညီမှုပေးရေး ဝန်ထမ်းတွေ၊ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အထူးသဖြင့် အားနည်းတဲ့လူမှုအသိုင်းအဝိုင်းတွေကို အကူအညီပေးနေသူတွေအတွက် အတော်လေးကို ခက်ခဲတဲ့ အနေအထားရှိတယ်ဆိုတာ အကြိမ်ကြိမ်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အရေးပေါ်လိုအပ်နေတဲ့ အကူအညီတွေ ပေးနိုင်ဖို့ဆိုရင် ဒီအဖွဲ့အစည်းတွေအနေနဲ့ ဘေးကင်းလုံခြုံမှု လိုအပ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်တင်မဟုတ်ပါဘူး၊ သူတို့အနေနဲ့ တကယ့်ကို လိုအပ်ချက်ရှိတဲ့နေရာကို အကူအညီပေးနိုင်ဖို့ အာမခံချက်ရှိတဲ့ လုံခြုံရေးလုံလုံလောက်လောက် ရဖို့လိုအပ်ပါတယ်။”

ဒုက္ခသည်ပေါင်း တသိန်းလေးသောင်းနဲ့ သောင်းဂဏန်းရှိတဲ့ လိုအပ်ချက်ရှိသူတွေကို ကျန်းမာရေးဝန်ဆောင်မှုပေးနေကြတဲ့ လူသားချင်းစာနာကူညီရေးအဖွဲ့တွေဟာ အခုအခါမှာ သူတို့လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ကန့်သတ်ချက်တွေ ကြုံနေရတယ်လို့ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအပြင် အစားအစာ ရေ သန့်စင်ရေး စတဲ့ အခြေခံလူမှုလိုအပ်ချက်တွေဟာလည်း ရခိုင်ပြည်နယ်အတွင်းမှာ အတော်လေး လိုအပ်ချက်ကြီးနေတယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာပဲ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို ပစ်မှတ်ထား အကြမ်းဖက်မှုတွေကြောင့် စိုးရိမ်စရာအခြေအနေဖြစ်ရတယ်လို့ သံရုံး ပြောခွင့်ရသူက ပြောပါတယ်။

“ကုလသမဂ္ဂရုံးတွေနဲ့ နိုင်ငံတကာအန်ဂျီအိုရုံးတွေကို ပစ်မှတ်ထားတဲ့ မကြာခင်က စစ်တွေမြို့အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ရန်ကုန် အမေရိကန်သံရုံးအနေနဲ့ အတော်ကို စိုးရိမ်မကင်းဖြစ်ရပါတယ်။ အဲဒီအကြမ်းဖက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့သလို၊ အမေရိကန်နိုင်ငံသားတွေ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေးဝန်ထမ်းတွေကို စိတ်ချဘေးကင်းရာအရပ်ဆီ အရေးပေါ် ပြောင်းရွေ့နေရာချခဲ့ရပါတယ်။ ဒါ့အပြင် လက်ရှိ အကူအညီပေးရေးလုပ်ငန်းတွေ အခြေအနေနဲ့ပတ်သက်လို့လည်း စိုးရိမ်မကင်းဖြစ်ရပါတယ်။ အကူအညီပေးရေးအဖွဲ့တွေကို ရုပ်လိုက်ရတဲ့အတွက် လူသားချင်းစာနာကူညီမှုလိုအပ်ချက်တွေရှိလာပါတယ်။”

အခု ရခိုင်ပြည်နယ်မှာ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အတွက် လုပ်ငန်းတွေ လုပ်ဖို့ အခက်အခဲကြုံနေရတဲ့တပြိုင်တည်း၊ တနိုင်ငံလုံးမှာ ကောက်ခံနေရတဲ့ သန်းခေါင်းစာရင်းကိစ္စမှာလည်း ရခိုင်ပြည်နယ်အတွင်း ပြဿနာတွေ အတော်ကြုံနေရပါတယ်။ မွတ်ဆလင်လူနည်းစုအချို့က ရိုဟင်ဂျာဆိုပြီး ဖြည့်မယ်ဆိုရင် လက်မခံဖို့ ပြည်နယ်တွင်း ဖိအားတွေကြောင့်၊ သန်းခေါင်းစာရင်းကောက်ခံမှုမှာ မွတ်ဆလင်လူနည်းစုကျေးရွာအချို့မှာ မလုပ်နိုင်ဖြစ်နေပါတယ်။

ဒါပေမယ့်လည်း လူမျိုးရေး ဘာသာရေးကွဲပြားမှုတွေကို ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းဖို့၊ သန်းခေါင်းစာရင်းကောက်ခံမှုမှာလည်း လူတိုင်း ကိုယ့်လူမျိုးနွယ်ကို လွတ်လပ်စွာ ဖော်ထုတ် ပြောဆိုနိုင်တဲ့ နိုင်ငံတကာစံနှုန်းစံထားနဲ့အညီဖြစ်စေဖို့ ဆောင်ရွက်ရေးအတွက်လည်း မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက တောင်းဆို တိုက်တွန်းထားပါတယ်။
XS
SM
MD
LG