သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိခင်နို့တိုက်ကျွေးရေး ကုလလှုံ့ဆော်


ပြီးခဲ့တဲ့ သောကြာနေ့ဟာ ကမ္ဘာ့ နို့ချိုတိုက်ကျွေးရေး ရက်သတ္တပတ် အစနေ့ ဖြစ်ပါတယ်။ ကလေးရဲ့ ကျန်းမာရေးကောင်းဖို့ မိခင်နို့ တိုက်ကျွေးဖို့ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်မှာ သြဂုတ်လ ၁ ရက် ကနေ ၇ ရက် အထိ ကျင်းပမှာဖြစ်ပါတယ်။

မွေးစကနေ ကလေး ခြောက်လပြည့်တဲ့အထိ မိခင်နို့တမျိုးတည်းကိုသာ တိုက်ကျွေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ အာဟာဖြည့်စွက်တဲ့ အစာတွေနဲ့ မိခင်နို့်ကို အသက် နှစ် နှစ်နဲ့ အထက်အထိ တိုက်ကျွေးသင့်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ မွေးကင်းစ ကလေးငယ် တစ်ဝက်လောက်ဟာ နို့ချိုတိုက်ခြင်းရဲ့ ကောင်းကျိုးတွေကို မခံစားရဘဲ အရေအတွက် အနည်းငယ်လောက်သာ ခြောက်လအထိ မိခင်နို့တစ်မျိုးသာ သောက်ခွင့်ရကြပါတယ်။

ဘဝကို အကောင်းမွန်ဆုံး အစပြုဖို့က နို့ချိုတိုက်ကျွေးဖို့ ပါပဲလို့ ယူနီဆက် အလုပ်မှုဆောင် ညွှန်ကြားရေးမှူး အန်တိုနီ လိခ် (Anthony Lake) က ပြောပါတယ်။ ဒီဟာက အရိုးရှင်း၊ အကောင်းဆုံး၊ ကုန်ကျစရိတ် အနည်းဆုံး နည်းလမ်းဖြစ်ပြီး ကလေးကျန်းမာရေးနဲ့ မိသားစုဘဝကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ အကောင်းဆုံး အထောက်အကူပေးတယ်လို့ လည်း သူကပြောပါတယ်။

တစ်နှစ်ကို ၇ သန်းလောက်သေဆုံးနေတဲ့ ကလေးငယ်တွေထဲမှာ ၄၀ ရာခိုင်နှုန်းက မွေးကင်းစခလေးတွေပါ။ မွေးပြီး ပြီးချင်းမှာ တိုက်ကျွေးတဲ့ နို့ချိုဟာ ဒီလို မလိုလားအပ်တဲ့ သေဆုံးမှု ငါးခုမှာ တစ်ခုကို ကာကွယ်နိုင်ပြီး တစ်နှစ်ကို ကလေး ငါးသိန်းကျော် ကယ်တင်နိုင်ပါတယ်လို့ မစ္စတာ လိပ်ခ် (Lake) က ပြောပါတယ်။

ဒီလို နို့ချို တိုက်ကျွေးတာဟာ ကလေးဘဝအစပိုင်းမှာ အာဟာဓာတ် ချို့တဲ့မှု ကို လျှော့နည်းစေပြီး ဘဝနောက်ပိုင်းမှာ အဝလွန်မှုကိုလည်း လျော့ကျစေတယ်လို့ ယူနီဆက် အကြီးအကဲက ပြောပါတယ်။ ဒါကြောင့် နို့ချိုတိုက်ကျွေးဖို့ဟာ ကမ္ဘာ့ဦးစားပေးဖြစ်သင့်တယ်လို့ မစ္စတာ လိပ်ခ် (Lake) က ပြောပါတယ်။

XS
SM
MD
LG