သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအကြံပေး မြန်မာ့ခရီးစဉ် လုံခြုံရေးကောင်စီမှာ ဒီဇင်ဘာလ ၆ ရက် အစီရင်ခံမည်


ကုလအကြံပေး မြန်မာ့ခရီးစဉ် လုံခြုံရေးကောင်စီမှာ ဒီဇင်ဘာလ ၆ ရက် အစီရင်ခံမည်
ကုလအကြံပေး မြန်မာ့ခရီးစဉ် လုံခြုံရေးကောင်စီမှာ ဒီဇင်ဘာလ ၆ ရက် အစီရင်ခံမည်

မြန်မာနိုင်ငံကို နိုဝင်ဘာလ ၂၇ ရက်နေ့ နဲ့ ၂၈ ရက်နေ့တွေမှာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယားရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ရှေ့လာမယ့် သီတင်းပတ်အတွင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အစီရင်ခံသွားဖို့ ရှိပါတယ်။ မစ္စတာ နမ်ဘီယားဟာ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ၂၀၁၀ ရွေးကောက်ပွဲ အပါအဝင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံကို ကိုရန်နိုင်က တင်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ရှေ့လာမယ့် တနင်္လာနေ့ ကျရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အစီရင်ခံသွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးလည်းဖြစ်၊ လက်ရှိ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌလည်း ဖြစ်တဲ့ မစ္စ ဆူဇန်ရိုက်စ်က သတင်းထောက်တွေကို အခုလို ပြောပါတယ်။

“အစီအစဉ်မှာဖော်ပြထားတဲ့အတိုင်း ဒီဇင်ဘာလ ၆ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ရှိပါတယ်။ မစ္စတာ နမ်ဘီးယားရဲ့ ခရီးစဉ်အကြောင်း အစီရင်ခံမှာကို ကျမတို့ ကြားကြရမှာဖြစ်ပြီး လုံခြုံရေးကောင်စီအနေနဲ့ သင့်လျော်သလို လေ့လာသုံးသပ်သွားမှာ ဖြစ်ပါတယ်။”

မစ္စတာ နမ်ဘီးယားဟာ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ၁၉၉၀ လွှတ်တော် ကိုယ်စားပြုကော်မတီတို့အပြင်၊ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) စတဲ့ နိုင်ငံရေးပါတီတချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ ၂၀၁၀ ရွေးကောက်ပွဲမှာ စိုးရိမ်ရတဲ့ အခြေအနေတွေနဲ့ နိုင်ငံရေးပါတီတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို အဓိကထား ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဖာရင်ဟတ် (Farhan Haq) ကတော့ မစ္စတာ နမ်ဘီးယားရဲ့ ခရီးစဉ် နဲ့ ပတ်သက်ပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

“မစ္စတာ နမ်ဘီးယားက နိုင်ငံရေးပါတီအတော်များများ နဲ့ တွေ့ဆုံခဲ့ပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အခုလို အရေးကြီးတဲ့အချိန်မှာ သူတို့ရဲ့ မျှော်လင့်ချက်တွေ နဲ့ စိုးရိမ်မှုတွေ နဲ့ သူတို့ ပြောတာတွေကို နားထောင်ဖြစ်ခဲ့တယ်လို့ မစ္စတာနမ်ဘီးယားက ပြောပါတယ်။ အဲဒီ အထဲမှာ မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ၊ ရလဒ်တွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေရဲ့ အထူးစိုးရိမ်မှုတွေ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် မစ္စတာ နမ်ဘီးယားဟာ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီးတော့ ပွင်းလင့်မြင်သာမှုရှိဖို့ မြန်မာအစိုးရ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွေကို တိုက်တွန်းခဲ့ပါတယ်။”

ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေ အပြင် မြန်မာနိုင်ငံရေး ရှေ့အလားအလာတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုဖြစ်ခဲ့ပြီး မြန်မာစစ်အစိုးရ ကိုလည်း အခုလက်ရှိ အခြေအနေတွေအပေါ်မှာ အခြေခံပြီးတော့ ရွေးကောက်ပွဲလွန် ကာလတွေမှာ ပါဝင်အရွေးခံသူတွေနဲ့ရော၊ ရွေးကောက်ပွဲမှာ မပါဝင်ခဲ့တဲ့သူတွေနဲ့ပါ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဖို့လိုအပ်ကြောင်း တောင်းဆိုခဲ့သလို၊ ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မစ္စတာ နမ်ဘီးယားရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ယုံကြည်ကြောင်း၊ ကုလသမဂ္ဂဟာ သူ့ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အကန့်အသတ်တွေ ရှိနေပေမဲ့ သူ့ရဲ့ အခန်းကဏ္ဍကို လေးစားကြောင်း ပြောကြားခဲ့ပါတယ်။

မစ္စတာ နမ်ဘီယားအနေနဲ့ အခုခရီးစဉ်ဟာ သူအကြံပေးပုဂ္ဂိုလ်အဖြစ် အခုနှစ်ဆန်းပိုင်းက တာဝန်ပေးခြင်း ခံရပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီ မြန်မာနိုင်ငံကို သွားရောက်ဖို့ တောင်းဆိုခဲ့ပေမဲ့လည်း မြန်မာစစ်အစိုးရ ဘက်က သူ့ကိုလာရောက်ဖို့ ခွင့်မပြုခဲ့တဲ့အတွက် မစ္စတာနမ်ဘီးယား အနေနဲ့ ပြီးခဲ့တဲ့ဇွန်လက မြန်မာ့အရေးဆွေးနွေးဖို့ စင်ကာပူ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကို သွားရောက်ခဲ့ပါတယ်။

XS
SM
MD
LG