သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ကုလအထူးကိုယ်စားလှယ်ကို တွေ့ဆုံ


U.N. special envoy Vijay Nambiar
U.N. special envoy Vijay Nambiar
သမ္မတ ဦးသိန်းစိန်နဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် Vijay Nambiar တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။ သမ္မတဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂခရီးစဉ်ကိစ္စ၊ ရခိုင်ပြည်နယ်အတွင်းက အခြေအနေ စတာတွေကို ဆွေးနွေး တိုင်ပင်ခဲ့ကြတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်း ထုတ်ပြန်ပါတယ်။ မစ္စတာ နမ်ဘီယားဟာ နောက်ရက်တွေမှာလည်း အစိုးရ တာဝန်ရှိသူတွေနဲ့ ဆက်လက် တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီယားဟာ စက်တင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်လာတာဖြစ်ပြီး နောက်တနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။
သမ္မတနဲ့ မစ္စတာ နမ်ဘီယားတို့ဟာ သမ္မတ မကြာခင်သွားတက်ဖို့ရှိတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံကိစ္စအပါအဝင် အကြောင်းအရာ တော်တော်များများကို ဆွေးနွေးဖြစ်ခဲ့တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“အဓိက နံပတ်တစ် သမ္မတကြီးရဲ့ UN ခရီးစဉ် ဆိုင်ရာကိစ္စပေါ့နော်။ အဲ့တာဆွေးနွေးခဲ့တယ်။ နံပတ်နှစ် ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ UN နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စတွေ ဆွေးနွေးတယ်။ နောက် နံပတ်သုံး ထောင်စုနှစ် ရည်မှန်းချက်တွေ ပြည့်ဝဖို့ မြန်မာနိုင်ငံက ဆောင်ရွက်နေတာတွေ UN က တိုးမြှင့်ဆောင်ရွက်နေမယ့် အလားအလာတွေပေါ့နော်။ အရင်တုန်းက ကျနော်တို့ အပြည့်အ၀ မရတာတွေ ဆွေးနွေးတယ်။

နောက်တခုက တူရကီ၊ အင်ဒိုနီးရှား၊ အမေရိကန်၊ OIC လေ့လာရေးအဖွဲ့တွေ ရခိုင်ပြည်နယ်သွားပြီးတော့ လေ့လာကြည့်ရှု့ခွင့်ပေးတဲ့ဟာတွေ၊ မစ္စတာ နမ်ဗီယား သွားကြည့်တဲ့ဟာတွေ၊ အဲ့တာတွေ နောက် ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ နောက်ထပ် Humanitarians Assistants တွေသွားဖို့ စားဝတ်နေရေး၊ ကျမ်းမာရေး၊ နောက်သူတို့နေထိုင်ရေးပေါ့နော်။ နောက် ကျနော်တို့ဘက်က လုပ်နေတဲ့ဟာက Independence Commission ဖွဲ့ဖို့ ဆောင်ရွက်နေတဲ့ဟာပေါ့၊ အဲ့ဒီ့အပေါ် မူတည်ပြီး ဆောင်ရွက်သွားမယ့်ဟာ အဲ့တာတွေပါပဲ။”

သမ္မတအနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တက်ရောက် အမှာစကားပြောကြားမှာ ဖြစ်တဲ့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့ တခြား နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

“တွေ့ဖို့ အချို့ Bilateral တွေပေါ့နော်။ အဲ့မှာရောက်တဲ့အခါ Bilateral တွေ့ဖို့က ညှိနှိုင်းနေဆဲပါပဲ။ Confirm မဖြစ်သေးဘူး။ မသေချာသေးပါဘူး။ အဓိကကတော့ UN မှာ ကျနော်တို့က အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘမ်ကီမွန်းနဲ့တွေ့မယ်။ နောက်တခုက General Debate တက်ပြောရမယ်။ အဲ့မှာရောက်တဲ့အချိန်မှာ တခြား တွေ့သင့်တွေ့ထိုက်တဲ့ နိုင်ငံခေါင်းဆောင်တွေအဲ့တာတော့ ကျနော်တို့ မိုဖာက လုပ်နေတယ်။ အဓိကကတော့ New York only ဖြစ်နေတော့ ဝါရှင်တန်တော့ မပါနိုင်ဘူး။”

သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ထဲမှာ ဝါရှင်တန်မြို့ကိုသွားမယ့် အစီအစဉ်မပါတဲ့အတွက် သမ္မတ အိုဘားမားအနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်နိုင်ငံကို ရောက်နေတဲ့အချိန် မြန်မာခေါင်းဆောင် နှစ်ဦးစလုံးနဲ့ တွေ့ဖို့ အမေရိကန်နိုင်ငံမှာ သြဇာကြီးတဲ့ CSIS လို့ခေါ်တဲ့ မဟာဗြူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေးဌာနက အကြံပြု တင်ပြထားတဲ့အတိုင်း ဖြစ်မဖြစ်ဆိုတာတော့ မသေချာသေးပါဘူး။

မစ္စတာ နမ်ဘီးယားဟာ စက်တင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ နေပြည်တော်မှာ ဆက်ရှိနေဦးမှာဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ ကျင်းပမယ့် Peace Center ခေါ် ငြိမ်းချမ်းရေးစင်တာအတွက် ပြုလုပ်မယ့် အလှုရှင်နိုင်ငံများ အလုပ်ရုံဆွေးနွေးပွဲကိုလည်း တက်ရောက်ဖို့ ရှိတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“အဲ့တာလည်း သမ္မတကြီးနဲ့ ဆွေးနွေးတဲ့အထဲမှာ ပါတယ်။ ကျနော်တို့ရဲ့ Peace Building ပေါ့နော်။ သူတို့က UN က Peace Buildingမှာ Donor Countries တွေနဲ့ သူတို့က တစိတ်တပိုင်းပေါ့။ မစ္စတာ နမ်ဗီးယားတို့ နော်ဝေနိုင်ငံတို့ သူတို့က ဦးဆောင်ပြီး လုပ်ပေးမှာ။ ကျနော်တို့ဘက်က Peace Centerဖွဲ့ ထောင်ပြီးတော့ ဝန်ကြီးဦးအောင်မင်းတို့ လုပ်နေတာရှိတယ်။ အဲ့Peace Centerနဲ့ Peace Donor ပေါ့နော်။ Donor Group နဲ့ ပူးပေါင်းဆောင်ရွက်မယ့်ဟာတွေ ဒါတွေလည်း သူတို့ဆက်ဆွေးနွေးမှာပေါ့။ အဓိကကတော့ ကျနော်တို့က Resettlements သွားပြီးရင် တောက်လျောက်ပေါ့ Assitants က နောက်က လိုက်ရမှာပါ။”

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ပြောပြခဲ့တာပါ။

ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီငြိမ်းချမ်းရေးစင်တာကို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ပြီး ပြည်တွင်း၊ ပြည်ပက ပညာရှင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ သတင်းမီဒီလောကက သူတွေနဲ့ နိုင်ငံတကာက အလှုရှင်တွေ ပေါင်းကူးပေးနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖော် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
XS
SM
MD
LG