သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား ၄ဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကတိ လက်မှတ်ထိုးမှု ကုလကြိုဆို


ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားတွေနဲ့တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့- သတင်းဓာတ်ပုံ- ဦးညိုအုန်းမြင့် MPC
ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားတွေနဲ့တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့- သတင်းဓာတ်ပုံ- ဦးညိုအုန်းမြင့် MPC

သမ္မတ ဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရအဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့တို့ဟာ ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်ကို သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့တာအတွက် ကုလသမဂ္ဂအတွင်းရေးမှုး ချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) က ကြိုဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း လက်နက်ကိုင်တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ နဲ့ ပြဿနာကို ဆွေးနွေးမှုတွေ ကနေ အဖြေရှာသွားဖို့ ကတိပေးခဲ့ကြတာ အတွက် မစ္စတာ နမ်ဘီးယားက ကြိုဆိုတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဒီကနေ့ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေက ဒီကတိပြုချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီ နည်းကျ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် တည်ထောင်ဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က ပထမဆုံးအကြိမ်အဖြစ် တရားဝင် ကတိပြု လက်မှတ်ရေးထိုးခဲ့တာမို့ ဒါဟာ သမိုင်းဝင်ဖြစ်ရပ်တခု လို့ မစ္စတာ နမ်ဘီးယား က ပြောကြားကြောင်း ပြောသွားတာပါ။"

အခုလို ငြိမ်းချမ်းရေးဆိုင်ရာ ကတိပြုစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်ထောင်စုနေ့ ညစာစားပွဲကို တက်ရောက်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြားထားပေမယ့် ၁၃ ဖွဲ့သာ တက်ရောက်နိုင်ခဲ့ပြီး အဖွဲ့ ၄ ဖွဲ့က လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်သလို အခုထိ တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ KIO အပါအဝင် လက်နက်ကိုင် အဖွဲ့၃ ဖွဲ့ကတော့ မတက်ရောက်နိုင်ကြပါဘူး။

XS
SM
MD
LG