သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် အရေးကြောင့်ပြုပြင်ပြောင်းလဲမှု ထိခိုက်မှာ ကုလစိုးရိမ်


 မြန်မာဒုသမ္မတ စိုင်းမောက်ခမ်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယား တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်။ (ဇန်နဝါရီလ ၁၅ ရက်နေ့၊ ၂၀၁၃)
မြန်မာဒုသမ္မတ စိုင်းမောက်ခမ်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယား တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်။ (ဇန်နဝါရီလ ၁၅ ရက်နေ့၊ ၂၀၁၃)
ကချင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေ ပြေလည်ဖို့မှာ ဒီပဋိပက္ခမှာ ပါဝင်သူတွေကြားမှာပဲ ညှိနှိုင်း ဆောင်ရွက်ကြမှာဖြစ်တဲ့ အကြောင်းနဲ့ လက်ရှိ တင်းမာမှု အရှိန်မြင့်လာတာကနေ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုလုပ်ငန်းတွေကို ထိခိုက်တာမျိုး ဖြစ်မှာကို ကုလသမဂ္ဂအနေနဲ့ မလိုလားဘူးလို့ မကြာသေးခင်ကပဲ မြန်မာနိုင်ငံက သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။။


လတ်တလော ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ်က အခြေအနေတွေနဲ့ ပြီးခဲ့တဲ့နှစ်က သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားရဲ့ အခုနောက်ဆုံး မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဆွေးနွေးမှုတွေ ရှိခဲ့တဲ့အကြောင်း ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ပါတယ်။

ကချင် ပြည်နယ်တွင်း လက်ရှိ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နှစ်ဘက် အဖွဲ့တွေကြား ပြဿနာ ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်ကြရမှာ ဖြစ်သလို တင်းမာမှုတွေ ပိုပြီး အရှိန်မြှင့်လာနေတဲ့ လက်ရှိ ပဋိပက္ခတွေကြောင့် တိုင်းပြည်ရဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းတွေကို ထိခိုက်တာ၊ ဒါမှမဟုတ် နိုင်ငံတကာရဲ့ အကောင်းမြင် အသိအမှတ်ပြုမှုတွေကို ထိခိုက်သွားတာမျိုး ဖြစ်လာမှာကို ကုလသမဂ္ဂ အနေနဲ့ မလိုလားဘူးလို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ မြန်မာအစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အင်အားသုံး ထိုးစစ်ဆင်မှုတွေ ဆက်လုပ်နေတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ထုတ်ဖော်ပြောဆိုထားသလို နှစ်ဘက် အဖွဲ့တွေ အနေနဲ့ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးပွဲတွေ ပြန်စဖို့ တိုက်တွန်းထားတဲ့ အကြောင်းလည်း ဒီလ ၂ ရက်နေ့ကပဲ ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန် တိုက်တွန်း ခဲ့ပါသေးတယ်။ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေကြသူတွေကို ကူညီပေးနိုင်ဖို့အတွက် အဲဒီဒေသတွေမှာ ကုလသမဂ္ဂ နဲ့ တခြား အကူအညီပေးရေး အဖွဲ့တွေ သွားရောက် အကူအညီ ပေးနိုင်အောင် ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်း အားလုံးက ကူညီ ဆောင်ရွက်ပေးဖို့လည်း မစ္စတာ နမ်ဘီးယားက တိုက်တွန်းထားပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ကချင်နဲ့ ရခိုင်အရေးကိစ္စတွေ အပြင် သန်းခေါင်းစာရင်း ကိစ္စ၊ လူသားချင်း စာနာကူညီမှုအကူအညီပေးရေး ဆိုင်ရာ ကိစ္စ၊ ပြုပြင် ပြောင်းလဲမှု တိုးတက်လာတဲ့ အခြေအနေတွေနဲ့ ကုလသမဂ္ဂ အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင် ကူညီ ဆောင်ရွက်နိုင်မလဲ ဆိုတာတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဆွေးနွေးမှုတွေနဲ့ ဆိုင်တဲ့ ကိစ္စတွေနဲ့ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့က မြန်မာဒုသမ္မတ စိုင်းမောက်ခမ်းနဲ့ မစ္စတာ နမ်ဘီးယား တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့သလို သူ့ခရီးစဉ်အတွင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ သမ္မတ ပြောခွင့်ရ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်တို့နဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ နမ်ဘီးယားဟာ ပြီးခဲ့တဲ့လကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု နိုင်ငံတကာအလှူရှင်များ အဖွဲ့ရဲ အစည်းအဝေးကို တက်ရောက်ဖို့အတွက် မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဒီဇင်ဘာလ ၁၆ ရက်ကနေ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်။
XS
SM
MD
LG