မြန်မာနိုင်ငံကို ပထမဆုံးခရီးစဉ်အဖြစ်နဲ့ ၁၀ ရက်ကြာ ရောက်ရှိနေတဲ့ မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ်ယန်ဟီးလီဟာ ဒီကနေ့မှာ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့တွေ့ဆုံပြီး ကဏ္ဍပေါင်းစုံက တင်ပြလာတဲ့ မြန်မာ့လူ့အခွင့်အရေး အခြေအနေတွေကို နားထောင်ခဲ့ပါတယ်။ ဒီကနေ့ဆွေးနွေးပွဲမှာ မြန်မာ့တရားစီရင်ရေး၊ အမျိုးသမီးရေးရာနဲ့ မီဒီယာတွေရဲ့ အခန်းကဏ္ဍတွေပါဝင်ပြီး မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာမှုမရှိသေးတာတွေကို အလေးပေး ဆွေးနွေးခဲ့ကြတာပါ။ ဒီကနေ့ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ မြန်မာ လူမှုအဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲအကြောင်းကိုတော့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် မစ္စ ယန်ဟီးလီက ဒီကနေ့ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ အရပ်ဘက် အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ Equility Myanmar ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တရားဥပဒေမဏ္ဍိုင်က သမာသမတ်ရှိရှိ မရပ်တည်နိုင်တဲ့ အခြေအနေတွေကို အဓိကထား ဆွေးနွေးခဲ့တာပါ။
“ကျနော်တို့တိုင်းပြည်မှာက အခုအချိန်အထိ တရားဥပဒေက လိုရင်တမျိုး၊ မလိုရင်တမျိုး ဖြစ်နေတဲ့ကိစ္စတွေကို ကျနော် တင်ပြပါတယ်။ နောက်တခုကတော့ တခါတလေ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် ပြည်သူလူထုက တရားဥပဒေ စီရင်မှုအပိုင်းကို ခံယူနိုင်မှု မရှိဘူးဆိုတဲ့အချက်ကို ထောက်ပြတယ်။ ဒါထက် ပိုဆိုးတာကတော့ အပြစ်ပေး အရေးယူရမယ့်သူတွေက အပစ်ပေး အရေးယူမခံဘဲနဲ့ လွတ်မြောက်နေတဲ့ကိစ္စ- ဒါကို ကျနော်တို့ ပြောပါတယ်ခင်ဗျ။ နောက်တခုက မုန်းတီးမှု လှုံ့ဆော်တဲ့အရာတွေက တကယ့်ကို ကာကွယ်တားဆီးမှု မရှိဘဲနဲ့ လုပ်ဆောင်နေတဲ့အပိုင်းတွေ၊ ဒါကို ကျနော်တင်ပြတယ်။ အဲဒါတွေကြောင့်မို့လို့ တယောက်ကိုတယောက် အထင်အမြင်လွဲမှားပြီး မုန်းတီးမှုတွေ၊ အဲဒီကမှတဆင့် ငြိမ်းချမ်းရေးကိုထိခိုက်တဲ့ အကြမ်းဖက်မှုတွေအထိ သွေးထိုးလှုံ့ဆော်မှုတွေ ဖြစ်ပျက်နေတယ်၊ အဲဒီလိုမျိုး လှုံ့ဆော်နေတဲ့သူတွေကို အရေးယူဆောင်ရွက်ခြင်းမရှိဘဲနဲ့ ဒါကို လျစ်လျှူရှုခြင်းကလည်း အစိုးရရဲ့ တာဝန်ပျက်ကွက်မှု တခုဖြစ်တဲ့အကြောင်း ကျနော်တို့ ပြောပြပါတယ်။”
ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စ ယန်ဟီးလီ ကတော့ လတ်တလောနှစ်ပိုင်းတွေ အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားလာတဲ့ လူမျိုးစွဲ ဘာသာစွဲ မုန်းတီးမှု အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အတော်လေး ထဲထဲဝင်ဝင် ဆွေးနွေးခဲ့တယ်လို့ Equility Myanmar ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“သူ့အနေနဲ့ စိတ်ဝင်စားတဲ့အချက်တွေကို ကြည့်မယ်ဆိုလို့ရှိရင် မုန်တီးမှု လှုံ့ဆော်ဟောပြောမှုကို တော်တော် ပိုပြီးတော့ စိတ်ဝင်စားတာကို တွေ့ရတယ်။ အဲဒါကြောင့်မို့လို့ ဒါနဲ့ပတ်သက်ပြီးတော့ ဘာတွေ လုပ်နေကြလဲ၊ ဒါနဲ့ပတ်သက်ပြီးတော့ ဘာတွေ လုပ်နိုင်မယ်လို့ ယူဆသလဲဆိုတဲ့ မေးခွန်းတွေကို အသေးစိတ် မေးပါတယ်။ အဲဒီတော့ ကျနော်တို့ဆီမှာက မုန်းတီးမှုဆိုတဲ့ဟာက social media တွေ ဖြစ်တဲ့အတွက် social media တွေပေါ်မှာလည်း ကန့်သတ်မှုတွေ လုပ်သင့်တယ်။ တချိန်တည်းမှာပဲ အစိုးရကလည်း မုန်းတီးမှု လှုံ့ဆော် ပြောဆိုတဲ့သူတွေကို တိကျတဲ့အရေးယူဆောင်ရွက်မှု ရှိကိုရှိသင့်တယ်။ ဒါတွေ ဖြစ်ဖို့အတွက် ဖိအားပေး ပေးဖို့၊ ဒါတွေကို တိုက်တွန်းပေးဖို့ ကျနော်တို့ တိုက်တွန်းသွားတာကို သူ့အနေနဲ့ လက်ခံတဲ့ပုံစံ တွေ့ရပါတယ်။”
ကုလ သမဂ္ဂရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မစ္စ ယန်ဟီးလီဟာဆိုရင် ၂၀၁၄ မေလက ၆ နှစ်တာ သက်တမ်းကုန်ဆုံးသွားတဲ့ အရင် မြန်မာဆိုင်ရာ ကုလ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားရဲ့နေရာမှာ ဇွန်လ အတွင်း အစားထိုး ခန့်အပ်ခံရသူ ဖြစ်ပါတယ်။ မစ္စတာ ကင်တားနားကတော့ ပြည်ဝင်ခွင့်ရဖို့ လနဲ့ချီ စောင့်ဆိုင်းခဲ့ရပြီး အခု မစ္စလီ ကတော့ သူမ ခန့်အပ် ခံရပြီး တလအကြာမှာပဲ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို အခု ၁၀ ရက်ကြာ ခရီးစဉ် လာရောက်ခဲ့သူပါ။ ဒါကြောင့် အခု လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ်ရဲ့ စွမ်းဆောင်နိုင်မှုအပေါ်မှာရော မြန်မာ လူမှုအဖွဲ့အစည်းတွေရဲ့ ရှုမြင်ချက်ကိုတော့ ဦးအောင်မျိုးမင်းက အခုလို ပြောပြပါတယ်။
“မစ္စတာကင်တားနားကတော့ သူကိုယ်တိုင်က ရှေ့နေဖြစ်တဲ့အတွက် ဥပဒေပိုင်းဆိုင်ရာကို ပိုမိုပြီးတော့ စိတ်ဝင်စားတဲ့သဘောမျိုး ကျနော်တို့ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ သူ့အနေနဲ့ legal reform လို့ခေါ်တဲ့ ဥပဒေတွေ ပြုပြင်ပြောင်းလဲဖို့ judicial system တရားစီရင်ရေးရဲ့ လွတ်လပ်မှု အကြောင်း ပိုပြီးတော့ စိတ်ဝင်စားမယ်၊ မစ္စ် ယန်ဟီးလီကတော့ သူ့အနေနဲ့ အမျိုးသမီးဖြစ်တဲ့အတွက် အခုနကလို အမျိုးသမီးကိစ္စတွေကို ပိုပြီးတော့ စိတ်ဝင်စားတာမျိုး ကျနော်တို့ တွေ့နိုင်တယ်။ နောက်တခုကတော့ နဂိုရ်ကတည်းက သူက ကလေးအခွင့်အရေးဆိုင်ရာ ကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့အတွက် ကလေးအခွင့်အရေးကို ပိုမိုပြီးတော့ စိတ်ဝင်စားတဲ့သဘောမျိုး ရှိတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဒီတိုင်းပြည်အပေါ် ဘယ်လောက်ပဲ စိတ်ဝင်စား၊ စိတ်ဝင်စား တိုင်းပြည်ရဲ့အနေအထားကို သူ့အနေနဲ့ ပိုမိုပြီးတော့ လေ့လာနေတဲ့သဘော၊ ဒါကို ကျနော်တို့ တွေ့ရတယ်။ အကြောင်းအရာတိုင်းကို သူ သေချာ လေ့လာတယ်။ နားထောင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူ့အနေနဲ့ အသစ်အဆန်း ဖြစ်နေတယ်ဆိုတဲ့ကိစ္စမျိုး၊ အဲဒီတော့ အရင်တုန်းက မစ္စတာ ကင်တားနားရဲ့ အားကောင်းချက်ကတော့ အတွေ့အကြုံတွေ အများကြီးရှိတယ်၊ ဒါကို လေ့လာမှုရှိတဲ့အတွက် သူ့အနေနဲ့ ဒါကို အကြောင်းအရာတွေ ပိုပြီးတော့ သဘောပေါက်တဲ့ဟာမျိုး၊ မစ္စ် ယန်ဟီးလီရဲ့ အကြောင်းအရာကတော့ သူက အသစ်ဖြစ်တဲ့အတွက် ပိုမိုပြီးတော့ အာရုံစိုက်မှု ပိုပြီးတော့ ရှိတယ်။ ပိုပြီးတော့ စိတ်ဝင်စားနေတယ်။ အားလုံးက အသစ်အဆန်းဖြစ်နေတဲ့အတွက် ကိစ္စတိုင်းကို သူ လေ့လာစုံစမ်းလိုတဲ့ဆန္ဒ တွေ့နေရတာက ဒီနှစ်ယောက်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။”
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စယန်ဟီးလီရဲ့ အခု ခရီးစဉ်အတွင်း ရရှိခဲ့တဲ့ အချက်အလက်တွေကိုတော့ လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် ကုလ အထွေထွေညီလာခံမှာ ပထမဆုံး အစီရင်ခံတင်သွင်းမယ်လို့ မျှော်လင့်ရပါတယ်။