သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲ ကုလ၊ EU နဲ့တရုတ် တုံ့ပြန်


EU မြန်မာနိုင်ငံဆိုင်ရာ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့နဲ့ အတူ အဖွဲ့အကြီးအကဲလည်းဖြစ်၊ ဥရောပပါလီမန်ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ Alexander Graf Lambsdorff
EU မြန်မာနိုင်ငံဆိုင်ရာ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့နဲ့ အတူ အဖွဲ့အကြီးအကဲလည်းဖြစ်၊ ဥရောပပါလီမန်ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ Alexander Graf Lambsdorff

အမျိုးသားညီညွတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဦးစားပေး လုပ်ဆောင်တဲ့အနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို အားလုံးက လေးစားလိုက်နာကြဖို့ အီးယူ ဥရောပသမဂ္ဂအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ အလားတူပဲ အထွေထွေ ရွေးကောက်ပွဲ အထုအထစ်မရှိ အောင်မြင်စွာ ပြီးဆုံးသွားခဲ့တဲ့အပေါ် ကုလသမဂ္ဂနဲ့ တခြား နိုင်ငံတကာ အသိုင်းဝိုင်းက ကြေညာချက် အမျိုးမျိုးထုတ်ပြန်ပြီး ကြိုဆိုလိုက်ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တချို့ကို တနင်္လာနေ့က ကြေညာခဲ့တဲ့ အထဲ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစု အနိုင်ရနေတယ်ဆိုတဲ့ ရလဒ်တွေ တဖြည်းဖြည်း ထွက်ပေါ်လာနေတဲ့အချိန်မှာပဲ ဒီမိုကရေစီ စံနစ်ကို လေးစားလိုက်နာပြီး မြန်မာပြည်သူ ပြည်သားတွေက ရွေးကောက်ပွဲမှာ ငြိမ်းချမ်းစွာ မဲပေးခဲ့ကြတဲ့အပေါ် နိုင်ငံတကာ အသိုင်းဝိုင်းက ချီးကျူး ပြောဆိုမှုတွေ တနင်္လာနေ့က ထွက်ပေါ်လာခဲ့တာပါ။

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို လေးစားလိုက်နာကြဖို့ အီးယူ ဥရောပသမဂ္ဂအဖွဲ့ကြီးရဲ့ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Moherini က တနင်္လာနေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တဲ့အကြောင်း Moherini ရဲ့ ပြောခွင့်ရ အမျိုးသမီး Maja Kocijancic က ပြောပါတယ်။

“အခုချိန်မှာ ရွေးကောက်ပွဲတွေ ကျင်းပပြီးစီးသွားပြီ ဖြစ်တဲ့အတွက် - အမျိုးသားညီညွတ်ရေးနဲ့ ရင်ကြားစေ့ကို အလေးပေး လုပ်ဆောင်တဲ့အနေနဲ့ အားလုံးက ရွေးကောက်ပွဲ ရလဒ်တွေကို လေးစားလိုက်နာကြဖို့ အရေးကြီးပါတယ်။”

အီးယူ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ၊ ရွေးကောက်ပွဲ မဲပေးမှုတွေနဲ့ မဲပေးပြီးနောက် အခြေအနေတွေကို အနီးကပ် စောင့်ကြည့် လေ့လာဖို့ ရောက်ရှိနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေထဲမှာ အကြီးဆုံး အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရေးပါတီအားလုံး ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ ဒီရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားတာကို တွေ့ရတယ်လို့လည်း Maja Kocijancic က ဆက်ပြောပါတယ်။

“ဒီရွေးကောက်ပွဲမှာ အဓိက နိုင်ငံရေးပါတီ အားလုံးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြဖြစ်ပြီး ယေဘုယျအားဖြင့် ငြိမ်းချမ်းပြီး စည်းကမ်းသေဝပ်မှုရှိတဲ့ အခြေအနေတွေအောက်မှာ ကျင်းပခဲ့တာကို တွေ့ရပါတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲနေ့မှာ အလုံးအရင်းနဲ့ မဲပေးခဲ့ကြတဲ့သူတွေကိုလည်း အခုလို မှတ်ချက်ပေးခဲ့ပါတယ်။

“ရွေးကောက်ပွဲနေ့မှာ မဲပေးတဲ့သူတွေ အင်နဲ့အားနဲ့ မဲပေးခဲ့ကြတာကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်အတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မြန်မာပြည်သူ ပြည်သားတွေအနေနဲ့ ဘယ်လောက်အထိ လိုလားတောင့်တနေကြတယ်ဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။”

ရွေးကောက်ပွဲအတွင်း ကနဦး တွေ့ရှိခဲ့တဲ့ လေ့လာသုံးသပ်ချက်တွေနဲ့ ပတ်သက်လို့ အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ အကြီးအကဲလည်းဖြစ်၊ ဥရောပပါလီမန်ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ Alexander Graf Lambsdorff က ဦးဆောင်ပြီး ဒီကနေ့ နိုဝင်ဘာလ ၁ဝ ရက်နေ့မှာ ရန်ကုန်မြို့မှာ ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။

အလားတူပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းကလည်း တနင်္ဂနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်တွေ၊ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ တနင်္လာနေ့က ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

ရွေးကောက်ပွဲအတွင်း မဲပေးခဲ့ကြသူတွေနဲ့ပတ်သက်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုခဲ့တာနဲ့ပတ်သက်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က တနင်္လာနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောဆိုသွားပါတယ်။

“တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ သမိုင်းဝင် ရွေးကောက်ပွဲမှာ ပါဝင် မဲပေးခဲ့ကြသူတွေအနေနဲ့ စိတ်ရှည်၊ ဂုဏ်ရှိစွာနဲ့ တက်တက်ကြွကြွ မဲပေးခဲ့ကြသူတွေကို အတွင်းရေးမှူးချုပ်က ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပါအဝင် ပြည်နယ်၊ တိုင်းဒေသကြီးနဲ့ ဒေသခံ ရွေးကောက်ပွဲကော်မရှင် အရာရှိတွေအနေနဲ့ သူတို့ရဲ့ အရေးပါတဲ့လုပ်ငန်းတွေ အောင်မြင်အောင် လုပ်ဆောင်နိုင်တာကိုလည်း အတွင်းရေးမှူးချုပ်က အသိအမှတ်ပြု ပြောကြားပါတယ်။ ရွေးကောက်ပွဲရလဒ်တွေ တဖြည်းဖြည်း ထွက်ပေါ်လာတာနဲ့အညီ ရွေးကောက်ပွဲဆိုင်ရာ အစီအစဉ်တွေ မပြီးဆုံးမချင်း သက်ဆိုင်သူ အားလုံးကလည်း တည်ငြိမ်အေးချမ်းစွာနဲ့ လေးစားသမှုပြုပြီး နေထိုင်ကြဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။”

ရွေးကောက်ပွဲဆိုင်ရာ ကုလသမဂ္ဂရဲ့ အသေးစိတ် သဘောထားတွေကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အောင်မြင် ချောမွေ့စွာ ပြီးဆုံးသွားခဲ့တာနဲ့ ပတ်သက်လို့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကလည်း ကြိုဆိုကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က တနင်္လာနေ့က ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမယ့် နိုင်ငံရေးအရ ဆောင်ရွက်မှုတွေကို မိတ်ဆွေ အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ ဆက်လက် ပံ့ပိုးပေးသွားမယ့်အကြောင်းနဲ့ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ အကူအညီတွေကိုလည်း တရုတ်နိုင်ငံက ဆက်ပေးသွားမှာဖြစ်တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲအတွင်း Hong Lei က ထည့်သွင်း ပြောကြားသွားပါတယ်။

တရုတ်နိုင်ငံခြားရေးဌာနက အာရှရေးရာ အထူးသံတမန် Sun Guoxiang ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်ဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG