သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်း သတင်းအမှောင်မချဖို့ Yanghee Lee တိုက်တွန်း


မတ်လ ၁၁ ရက် ၂၀၁၉ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တင်သွင်းနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီ
မတ်လ ၁၁ ရက် ၂၀၁၉ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တင်သွင်းနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီ

ရခိုင်နဲ့ ချင်းပြည်နယ်က ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ မိုဘိုင်းဖုန်း အင်တာနက်သုံးခွင့်ကို မြန်မာအစိုးရက ဖြတ်တောက်လိုက်တာဟာ ဒေသတွင်း သတင်းတွေကို အမှောင်ချလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီက တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။

မြန်မာအစိုးရက အင်တာနက် ဖြတ်တောက်လိုက်တာဟာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်လိုက်တာဖြစ်ပြီး လုံးဝမလုပ်သင့်တဲ့ ကိစ္စရပ်ဖြစ်တယ်လို့ နယူးရောက်အခြေစိုက် CPJ သတင်းသမားများ ကာကွယ်ရေး စောင့်ရှောက်ရေးအဖွဲ့ကြီးကလည်း ဝေဖန်ပြောကြားခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

မြို့နယ် ၉ ခုမှာ မိုဘိုင်းဖုန်း အင်တာနက် ကွန်ယက်သုံးခွင့်ကို မြန်မာအစိုးရက ဖြတ်တောက်လိုက်တာ ဟာ ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေက လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာ မှုဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုတွေအပေါ် ပြင်းပြင်းထန်ထန် ဂယက်ရိုက်မှုတွေရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီက ဇွန်လ (၂၄) ရက်နေ့က သတိပေးလိုက်ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်တဲ့ သူ့ရဲ့ကြေညာချက်မှာ- ပဋိပက္ခတွေဖြစ်နေတဲ့ ဒေသမှာ သတင်းယူခွင့်မပြုတာ၊ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ သွားလာခွင့် တားမြစ်ပိတ်ပင်တာတွေရှိနေတာဟာ ဒေသတခုလုံးကို အမှောင်ချထားလိုက်တာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး လုပ်နေကြောင်း သူ့အနေနဲ့ သတင်းရရှိထားပြီး အခုလို အင်တာနက် ဖြတ်တောက်လိုက်တာဟာ အရပ်သားတွေအပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖုန်းကွယ်ဖို့ ကြိုးစားမှုတခုပဲလို့လည်း ယန်ဟီလီက စွပ်စွဲလိုက်ပါတယ်။

ဒါကြောင့် ဒေသ အတွင်းနဲ့ အပြင်မှာရှိနေတဲ့ လူတွေအချင်းချင်း အဆက်အသွယ်တွေ ဖြတ်တောက်ပစ်လိုက်တဲ့အတွက် အဲဒီဒေသမှာရှိနေတဲ့ အရပ်သားအားလုံးအတွက် သူ့အနေနဲ့ စိုးရိမ်ပူပန်မိတယ်လို့ ယန်ဟီလီကပြောပါတယ်။

အခုလို ယန်ဟီလီရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres’ အနေနဲ့ သိရှိထားသလို ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် နဲ့ သဘောထားတင်ပြခွင့် အပြည့်အဝရှိရေး ကုလသမဂ္ဂအနေနဲ့ လိုလားကြောင်း တနင်္လာနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကုလအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ Farhan Haq ကအခုလို ပြောသွားပါတယ်။

"ရခိုင်ပြည်နယ်က အခြေအနေနဲ့ပတ်သက်လို့ အရင်ကတည်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ စိုးရိမ်ချက်တွေကို ပြောခဲ့ပြီးသာပါ။ ဒါအပြင် ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်နိုင်ရေး အတွက် အခြေအနေတွေ သတ်မှတ်ဖန်တီးပေးလိမ့်မယ်လို့လည်း ကုလသမဂ္ဂအနေနဲ့ဆက်ပြီး မျှော်လင့်ထားပါတယ်။ အခု လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောရရင်လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ စိုးရိမ်မှုကို ကျနော်တို့ သတိပြုမိပါတယ်။ လွတ်လပ်စွာထုတ်ဖေါ်ခွင့်နဲ့ လွတ်လပ်စွာ အမြင်သဘောထားတင်ပြခွင့် အခိုင်အမာရှိရေး ကုလသမဂ္ဂက လိုလားပါတယ်။"

အလားတူ နယူးရောက်အခြေစိုက် CPJ သတင်းသမားများ ကာကွယ်ရေး စောင့်ရှောက်ရေးအဖွဲ့ကြီးကလည်း ပဋိပက္ခဖြစ်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်မှာ အင်တာနက်ဖြတ်တောက်လိုက်တဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်ဟာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်လိုက်တာဖြစ်တယ်လို့ ဇွန်လ ၂၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ လွဲမှားတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း CPJ အာရှရေးရာ ညွန်ကြားရေးမှူး Steve Butler က ဗွီအိုအေကို ပြောပါတယ်။

"အဓိကအချက်ကတော့ လူအတော်များများဟာ သတင်းတွေကို မိုဘိုင်းလ်ဖုန်းကနေပဲ ရကြတာပါ။ အင်တာနက်ကို ဖြတ်တောက်လိုက်တာဟာ သတင်းစာထုတ်ဝေတာကို ပိတ်ပင်လိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် အခုလို ဖြတ်တောက်လိုက်တာဟာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်လိုက်တာလို့ ကျနော်တို့ သတ်မှတ်ပါတယ်။ ဒါအပြင် အခြေခံကျတဲ့ ဆက်သွယ်ရေးဆိုင်ရာတွေ ပိတ်ပင်ခံထားရတော့ သတင်းထောက်တွေအတွက်လည်း အခက်အခဲတွေ အများကြီးရှိပါတယ်။ အခုလိုမျိုး သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့ လုပ်ရပ်ဟာ လုံးဝမလုပ်သင့်သလို၊ မတရားတဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။"

မေး။ ။ မြန်မာ စစ်တပ်နဲ့ AA ရခိုင်တပ်ဖွဲ့ကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ အင်တာနက် ဖြတ်တောက်ဖို့ အရပ်သားအစိုးရဘက်က ညွန်ကြားတဲ့ အပေါ်မှာ ဘယ်လို မြင်လဲ။

ဖြေ။ ။ ကမ္ဘာမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို လေ့လာကြည့်ရင် အခုလို အင်တာနက်ဖြတ်တောက်တဲ့ကိစ္စမျိုးကတိုက်ခိုက်မှုတွေကို တားမြစ်ဖို့ ဘာမှမလုပ်ပေးနိုင်ပါဘူး။ ဒါက လွဲှမှားတဲ့ ကိစ္စတခုပါ။ သတင်းအချက်အလက်တွေ မရအောင် အစိုးရက တားဆီးတဲ့ လုပ်ရပ်ပါပဲ။ လူတိုင်းလိုချင်တဲ့ သတင်းအချက်အလက်တွေ လွတ်လွတ်လပ်လပ် မျှဝေတဲ့ နည်းလမ်းမျိုး အစိုးရက လိုလားမှုမရှိတာပါ။ လွပ်လပ်စွာ ဆက်သွယ်ပြောဆိုခွင့် ခွင့်ပြုဖို့နဲ့ အင်တာနက် ဖြတ်တောက်ထားတာကို ပြန်ပြီးသုံးစွဲခွင့် ပြုဖို့ မြန်မာအစိုးရကို CPJ အနေနဲ့ တိုက်တွန်းချင်ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်တဲ့ ယန်ဟီလီရဲ့ ကြေညာချက်မှာလည်း မြန်မာအစိုးရအနေနဲ့ မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုထားပါတယ်။ ဒါအပြင် သူ့ရဲ့ ကြေညချက်မှာ- ၂၀၁၃ခုနှစ်က ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေ အောက်မှာရှိနေတဲ့ မိုဘိုင်းဖုန်း ဆက်သွယ်ရေးကွန်ယက်အားလံုံးရဲ့ အင်တာနက်ဝန်ဆောင်မှုတွေကို ယာယီရပ်ဆိုင်းဖို့ ဇွန်လ ၂၀ ရက်နေ့က ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကနေ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေပြီး၊ တရားမဝင်လှုပ်ရှားမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အင်တာနက် ဝန်ဆောင်မှုကို အသုံးချခဲ့တာကြောင့်ဖြစ်တယ်လို့ ဝန်ကြီးဌာနက အကြောင်းပြထားကြောင်း ယန်ဟီလီက ထောက်ပြထားပါတယ်။

ဒါအပြင် မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကရော၊ AA ရခိုင်တပ်ဖွဲ့အနေနဲ့ရော အရပ်သားတွေကို အချိန်တိုင်း အပြည့်အဝအကာအကွယ်ပေးဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လိုက်နာဖို့လည်း ယန်ဟီလီက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG