ကုလသမဂ္ဂမှာ မြန်မာနဲ့အာဖဂန် နိုင်ငံတွေအတွက် ဘယ်အစိုးရတွေက တရားဝင်ကိုယ်စားပြုခွင့် ရမယ်ဆိုတာ ကိုကုလသမဂ္ဂကဆုံး ဖြတ်ချက်ပေးရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။မြန်မာနိုင်ငံအတွက်ကတော့ အာဏာသိမ်းစစ်ကောင်စီ နဲ့ NUG အစိုးရတို့က ၂ ဘက်အပြိုင်အဆိုင်ကိုယ်စားပြုခွင့်တောင်းဆိုထားပါတယ်။ အာဖကန်ကတော့ အခုအချန်အထိ ဘယ်အစိုးရဘက်ကမှ တရားဝင်တောင်း ဆိုတာမရှိသေးပါဘူး။
NUG အစိုးရဘက်က ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံကိုယ်စား လှယ်အဖြစ်အသိအမှတ်ပြုဖို့တောင်းဆိုထားပြီး၊ အာဏာ သိမ်းစစ်ကောင်စီဘက်ကတော့ စစ်တပ်အရာရှိဟောင်း ဦးအောင်သူရိန်ကို ကိုယ်စားအလှယ်အဖြစ်ခန့်အပ်ဖို့တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂကအသိအမှတ်ပြုတာကိုခံရတဲ့ အစိုးရဟာ တရားဝင်မှုရရှိမှာဖြစ်တဲ့အတွက် တပန်းသာမှာဖြစ်ပါတယ်။ နိုင်ငံတကာကိစ္စရပ်တွေမှာ တရားဝင်ပါဝင်လုပ်ဆောင် ခွင့်တွေရ မှာဖြစ်ပါတယ်၊ အသိအမှတ်ပြုမခံရသူကတော့ အပါယ်ခံသဘောဖြစ်သွား မယ်လို့ ကုလသမဂ္ဂ ပဌိပက္ခများဆိုင်ရာပညာရှင်များအဖွဲ့ရဲ့ ညွန်ကြားရေးမှုး ရစ်ချတ် ဂိုဝင် Richard Gowan ကတော့ ပြောဆိုပါတယ်။
တရားဝင်အသိအမှတ်ပြုရေးနဲ့ပတ်သက်လို့ကတော့ အဖွဲ့ဝင် ၉ ဦးပါတဲ့ကော်မတီကနေကိုင်တွယ်မှာဖြစ်ပါတယ်။ ဒီကော်မတီမှာ တရုတ်၊ ရုရှား နဲ့ အမေရိကန်လို နိုင်ငံကြီးတွေအလှည့်ကျပါဝင်ပါတယ်။ ဒီကော်မတီကနေ ကမ္ဘာပေါ်ကနိုင်ငံပေါင်း ၁၉၃ နိုင်ငံအတွက်ကိုယ်စားပြုခွင့်တွေကို အထွေထွေညီလာခံကိုတင်ပြပြီး နှစ်မကုန်ခင်အဆုံးအဖြတ်ပေးပါတယ်။ ဒီစီစဉ်ရေး ကော်မတီဟာ အစဉ်အလာ အရဆိုရင်တော့ အောက်တိုဘာလ၊ နိုဝင်ဘာလတွေ ရောက်တဲ့အထိ အစည်းအဝေးလုပ်လေ့မရှိပါဘူး။ ကော်မတီနဲ့ညီလာခံ မှာ အာလုံးသဘောတူညီချက် Consensus နဲ့ဆုံးဖြတ်ပါတယ်။
အခုမဆုံးဖြတ်မီအချိန်အထိတော့ ကုလသမဂ္ဂရဲ့စည်းမျဉ်းတွေအရ ဒေါ်အောင်ဆန်းစုအစိုးရလက်ထက်က စေလွှတ်ထားတဲ့ ဦးကျော်မိုးထွန်းက ဘဲဆက်လက်တာဝန်ယူလုပ်ဆောင်ခွင့်ရပါတယ်။ အာဏာသိမ်းစစ်ကောင်စီကတော့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကိုအသိအမှတ်ပြုဖို့တောင်းဆိုထားပါတယ်။
အာဖကန်နစ္စတန်အနေနဲ့ကတော့ ဘယ်အစိုးရဘက်ကမှ ကိုယ်စားပြုခွင့်တောင်းဆိုထားတာမရှိသေးပါဘူး။ လောလောဆယ်အနေနဲ့တော့ အရင်သမတ ဂါနီ လက်ထက်ကခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ အာဖကန်သံအမတ်ကြီးကဘဲဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်။ တာလီဘန် တွေကတော့ အစိုးရဖွဲ့ပြီးပြီလို့ကြေငြာထားပေမယ့်၊ ကုလသမဂ္ဂမှာကိုယ်စားပြုခွင့်တရားဝင်တောင်းဆိုခြင်းမရှိသေးပါဘူး။
၁၉၉၇ ခုနှစ် ကမ္ဘောဒီးယားကိစ္စမှာ အစိုးရ ၂ ခုအပြိုင်တောင်းဆိုခဲ့တုန်းကတော့ ဆုံးဖြတ်ချက်ချဖို့ရွှေ့ဆိုင်းထားခဲ့ပြီး ကမ္ဘောဒီးယား အတွက်နေရာကိုလှစ်လှပ်ထားခဲ့ပါတယ်။