သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုးသတ်ဆေးကြောင့် မြန်မာမှာရောဂါတွေ အဖြစ်များ


 စားနပ်ရိက္ခာ ရပိုင်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Hilal Elver
 စားနပ်ရိက္ခာ ရပိုင်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Hilal Elver

မြန်မာနိုင်ငံရဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ ပိုးသတ်ဆေး သုံးစွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း ကြပ်မတ်မှုနည်းပါးပြီး တောင်သူလယ်သမားတွေနဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေး အန္တရာယ် ကြီးကြီးမားမား ရှိနေတာ တွေ့ရကြောင်း Food to Right စားနပ်ရိက္ခာ ရပိုင်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Hilal Elver က အင်္ဂါနေ့ ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။

ကုလသမဂ္ဂရဲ့ Food to Right စားနပ်ရိက္ခာ ရပိုင်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် Hilal Elver က မြန်မာနိုင်ငံဆိုင်ရာ တွေ့ရှိချက်တွေကို သောကြာနေ့ မနက်ကျရင် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ တင်ပြတော့မှာ ဖြစ်ပြီး အခုလို မတင်ပြခင် အင်္ဂါနေ့မှာ နယူရောက်က ကုလသမဂ္ဂရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

လယ်ယာစိုက်ပျိုးတာကနေ စားသုံးသူတွေ လက်ထဲ ရောက်တဲ့အထိ စားနပ်ရိက္ခာနဲ့ ပတ်သက်တဲ့ လုပ်ငန်းအဆင့်ဆင့်မှာ တောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ ဆင်းရဲမွဲတေမှုနဲ့ မြေယာပိုင်ဆိုင်မှု ပြဿနာတွေအပြင် အလုပ်သမား ရပိုင်ခွင့်တွေ အတွက် ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ကြီးက အရေးယူ ဆောင်ရွက်ပြီးအကာကွယ်ပေးနေတဲ့ထဲက အကာအကွယ်မရတဲ့ သူတွေ အကြောင်း ဦးစားပေးတင်ပြမှာ ဖြစ်ကြောင်း အထူးကိုယ်စားလှယ် မစ္စ Elver ကပြောပါတယ်။

ဒီအထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ ရွှေ့ပြောင်း လုပ်သားတွေ အကြောင်းကို ဒီနှစ်အတွက် အစီရင်ခံစာ ထဲမှာ အထူးတင်ပြဖို့ ရှိတယ်လို့ စားနပ်ရိက္ခာ ရပိုင်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Hilal Elver က ပြောပါတယ်။

"စိုက်ပျိုးရေး လုပ်သားတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေအကြောင်း ကျမ ဦးစားပေးလေ့လာခဲ့ပြီး ဒါကိုအစီရင်ခံစာ တင်သွင်းမှာဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့တွေဟာ ယေဘူယျအားဖြင့် အားမဲ့သူတွေ ဖြစ်နေပြီး အကာကွယ်မဲ့နေကြလို့ပါ။ စိုက်ပျိုးရေး လုပ်သားတွေကို ILO က အကာကွယ်ပေးဖို့ လုပ်ဆောင်မှုတွေ အများကြီးရှိနေတဲ့ကြားက အမျိုးသမီး အများစုကို မီးဖိုချောင်အလုပ်လုပ်သူလို့ သတ်မှတ်ပြီး ကလေးငယ်တွေကလည်း အလားတူ အသိမှတ်ပြု မခံရတဲ့ အတွက် သူတို့အကာကွယ် မရကြတာပါ။ ဒါကြောင့် သူတို့ကို စိုက်ပျိုးရေး လုပ်သားတွေ အဖြစ် တရားဝင်သတ်မှတ်ရေးဟာ သိပ်အရေးကြီးပါတယ်။"

မစ္စ Elver ဟာ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ ပိုးသတ်ဆေးသုံးစွဲတာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာရေးသားခဲ့ပါတယ်။ အဲဒီမှာ ပိုးသတ်ဆေးတွေရဲ့ လူအားလုံးအပေါ် ယေဘူယျ ဆိုးကျိုးသက်ရောက်မှုကို အဓိကထားပြီး တင်ပြခဲ့ပေမယ့် အခုအစီရင်ခံစာမှာတော့ စိုက်ပျိုးရေး လုပ်သားတွေ ပိုးသတ်ဆေးသုံးစွဲ မှုနဲ့ ပတ်သက်ပြီး ဆိုးကျိုးသက်ရောက်မှုတွေကို တင်ပြထားတယ် လို့ ပြောပါတယ်။

ပိုးသတ်ဆေးတွေထဲမှာ ပါဝင်နေတဲ့ ဓါတုအဆိပ်တွေရဲ့ သက်ရောက်မှုဟာ လူတိုင်းကို ထိခိုက်စေတာ ဖြစ်ပြီး ဒီအထဲမှာ စိုက်ပျိုးရေး လုပ်သားတွေရဲ့ ကျန်းမာရေးအတွက် ပိုပြီးထိခိုက်စေတယ်လို့လည်း ပြောပါတယ်။

“ပိုးသတ်ဆေးရဲ့ အန္တရာယ်က သိပ်ကိုကြီးမားပါတယ်။ အဓိက ကျန်းမာရေးကို ထိခိုက်စေတာပါ။ ပိုးသတ်ဆေးသုံးစွဲမှု ကလည်း သုံးစွဲနည်း မကျရင် အန္တရာယ် ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပိုးသတ်ဆေးကို ဖြန်းတဲ့အခါ သူ့သတ္တိက တော်ရုံနဲ့ပျယ်မသွားပဲ ကျန်နေတတ်ပါတယ်။ ပိုးသတ်ဆေးကို လိုတာထက် ပိုပြီး သုံးရင်လည်း အန္တရာယ်ရှိပါတယ်။ အဆိပ်ဓါတ်တွေ ကိုယ်ခန္ဓာထဲ စိမ့်ဝင်မယ့် အန္တရာယ်ရှိပြီး သူက လက်ငင်းဒုက္ခပေး တတ်သလို ပိုးသတ်ဆေးထဲမှာပါတဲ့ အဆိပ်တွေဟာ ကာလတာရှည် ကိုယ်ထဲကျန်ရစ်ပြီး တဖြေးဖြေးချင်းလည်း အန္တရာယ်ပေးတတ်ပါတယ်။ သူတို့အန္တရာယ်ကို ချက်ချင်းမသိနိုင်သလို လွယ်လွယ်ကူကူလည်း မသိကြပဲ တဖြေးဖြေးချင်း စုလာတဲ့ အချိန်မှာတော့ ကျန်းမာရေးအတွက် သိပ်ကို အန္တရာယ်ကြီးနေပါပြီ။”

ပိုးသတ်ဆေးထဲမှာ ပါတဲ့ ဓါတုပစ္စည်းတွေကနေ ကင်ဆာရောဂါ ဖြစ်လာနိုင်သလို ကလေးငယ်တွေ အတွက်ဆို စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်မှာ ဒီလို ဓါတုအဆိပ်သင့်ရင် မမွေးခင်ကတည်က ကလေးမှာ ရောဂါမျိုးစုံ ဖြစ်ပွါးနိုင်တဲ့ အန္တရာယ် ရှိနေတာမို့ ဒါကို သိပ်အရေးကြီးတဲ့ ပြဿနာ တရပ်အဖြစ် ဖြေရှင်းသင့်တယ်လို့လည်း ထောက်ပြပါတယ်။

မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာ ပိုးသတ်ဆေး သုံးစွဲမှုနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်း တင်းကြပ်မှုတွေ မရှိတာဟာ မြန်မာနိုင်ငံက ထွက်တဲ့ စားနပ်ရိက္ခာတွေ အတွက်ပါ အန္တရာယ်ရှိနေတယ်လို့လည်း သတိပေးပါတယ်။

“နောက်ပြဿနာ တခုက စည်းမျဉ်းစည်းကမ်း ပြဿနာဖြစ်ပါတယ်။ ပိုးသတ်ဆေးအန္တရာယ် ကာကွယ်ရာမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကြား ကွဲပြားမှု သိပ်ကြီးမားပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေက စည်းမျဉ်းစည်းကမ်းနဲ့ စောင့်ကြည့်စစ်ဆေးမှု သေသေချာချာ လုပ်မလုပ် ကောင်းကောင်းစစ်ဆေး ကြပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မရှိပါဘူး။”

အခုလို ကြပ်မတ်စစ်ဆေးမှု ကောင်းကောင်းမရှိတဲ့နိုင်ငံတွေက ထွက်တဲ့ လယ်ယာထွက်ကုန်တွေ စားသောက်ကုန်တွေကို ပြည်တွင်းမှာတင် စားသုံးတာ မဟုတ်ပဲ ဖွံ့ဖြိုးပြီးနိုင်ငံတွေ အပါအဝင် တခြားနိုင်ငံတွေကို တင်ပို့နေကြတာ ဖြစ်တဲ့အတွက် ကမ္ဘာတလွှား သက်ရောက်မှု ရှိနေတာကို သတိထားသင့်တယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် စားနပ်ရိက္ခာ ပြဿနာဟာ တယောက်ကိုတယောက် လက်ညှိုးထိုး အပြစ်တင်နေဖို့မဟုတ်ပဲ ပိုးသတ်ဆေးသုံးစွဲမှု ပြဿနာကို အားလုံးက အလေးထားစဉ်းစား ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG