သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလမှာ ဒီတပတ် ဆွေးနွေးမည်


ဒီကနေ့ စတင်ကျင်းပတဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ နယူးယောက်မြို့ကို ဆိုက်ရောက်နေကြပါပြီ။ ဒီအထွေထွေညီလာခံကြီး ကျင်းပနေချိန်မှာပဲ ကုလသမဂ္ဂနဲ့ ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အကဲစမ်းမှုတွေကို ဒီညီလာခံရဲ့ဘေးပန်းမှာ ဆွေးနွေးဖို့ ရှိရာမှာ မြန်မာနိုင်ငံအကြောင်းလည်း ပါဝင်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

ဒီကနေ့ စတင်ကျင်းပမယ့် ၆ ရက်ကြာ အထွေထွေညီလာခံကြီးရဲ့ ဘေးပန်းမှာ မျက်မှောက် ကမ္ဘာမှာရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေ၊ အကဲစမ်းမှုတွေ အကြောင်းကိုလည်း ဆွေးနွေးကြဖို့ရှိတဲ့အနက် မြန်မာ၊ ဆိုမားလီယား၊ ကွန်ဂို၊ လက်ဘနွမ် စသဖြင့်တို့ ပါဝင်ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ ပြီးခဲ့တဲ့နှစ်က ပြုပြင်ဖွဲ့စည်းလိုက်တဲ့ Partnership Group On Myanmar - ဆိုတဲ့ မြန်မာ့အရေး ကုလသမဂ္ဂမဟာမိတ်အုပ်စု အစည်းအဝေးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ အာရှရေးရာတာဝန်ခံ မစ္စ် ကန်နီကို က ဗွီအိုအေကို ပြောပါတယ်။

“ဒီသောကြာနေ့ညနေမှာ အထွေထွေညီလာခံကြီးရဲ့ ဘေးပန်းမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာ့အရေး ကုလသမဂ္ဂမဟာမိတ်အုပ်စုရဲ့ အစည်းအဝေးပွဲကို ခေါ်ယူကျင်းပမှာ ဖြစ်ပါတယ်။ ဒီအုပ်စုဟာ အရင်ကဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေ နိုင်ငံများ အသင်းအစား ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ အဲဒီအုပ်စုကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကနေ ဖြစ်ထွန်း တိုးတက်တဲ့ အပြုသဘောဆောင်တဲ့ ပြောင်းလဲတိုးတက်မှုတွေကို ပိုမိုကျယ်ပြန့်တဲ့အတိုင်းအတာနဲ့ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။” - လို့ မစ္စ် ကန်နီကိုက ပြောသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ပြန်လည်ဖွဲ့စည်းခဲ့တဲ့ မဟာမိတ်နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပြီး ဒီနှစ်ဧပြီလက နယူးယောက်မှာတခါ အစည်းအဝေးပွဲကျင်းပခဲ့စဉ် လူဝင်မှုကြီးကြပ်ရေးနဲ့ လူဦးရေဆိုင်ရာဝန်ကြီး ဦးခင်ရီနဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတကြိမ် ဆွေးနွေးပွဲ အကြောင်းအရာနဲ့ ပတ်သက်လို့တော့ မစ္စ် ကန်နီကိုက -

“ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အရင်က ပြောခဲ့တဲ့အတိုင်းပါပဲ။ မြန်မာနိုင်ငံအနေနဲ့ သမိုင်းတင်လောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ စီးပွားရေးတခါးဖွင့်တဲ့လုပ်ဆောင်ချက်မျိုး အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တာ၊ အောက်ခြေလူမှုအဖွဲ့အစည်းမှာ လွတ်လပ်ခွင့်တွေ ပိုမိုပေးတာတွေ တွေ့ရသလို မြန်မာနိုင်ငံအနေနဲ့ ကြီးမားတဲ့အကဲစမ်းမှုတွေကိုလည်း ရင်ဆိုင်နေရတာဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်က ထောက်ပြခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လက်နက်ကိုင် တိုင်းရင်းအဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ရခိုင်ပြည်နယ်မှာ ဘာသာရေးအသွင်ဆောင်တဲ့ပဋိပက္ခနဲ့ ဒုက္ခသည်အရေးတို့ပါဝင်ပါတယ်။”- လို့ မစ္စ် ကန်နီကိုက ပြောသွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဘီဂျေး၊ နမ်ဘီယားဟာ ၂၀၁၃ နဲ့ ၂၀၁၄ နှစ်အတွင်း ၈ ကြိမ်မြောက်သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ ဘာသာရေးပဋိပက္ခကြောင့် ဒုက္ခသည်များအရေးကို သွားရောက်လေ့လာခဲ့သလို မြန်မာနိုင်ငံမှာ ပထမဦးဆုံးကျင်းပခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းလက်နက်ကိုင်အုပ်စုကြား အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ညီလာခံကိုလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အေဂျင်စီရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Xu Haoliang နဲ့ OCHA ခေါ် ကုလသမဂ္ဂ လူသားချင်းစာနာမှု အထောက်အကူပေးရေး ညှိနှိုင်းမှုအဖွဲ့ စီမံကိန်းဒါရိုက်တာ John Ging တို့ ရခိုင်ပြည်နယ်ကို မကြာသေးမီက သွားရောက်ခဲ့သလို လူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီလီ ဟာလည်း ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အပြင် မန္တလေးတို့ကို သွားရောက်ခဲ့ပြီး လေ့လာစုံစမ်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိုယ်စားလှယ်တွေအနေနဲ့ အခု ဆွေးနွေးပွဲမှာ အစီရင်ခံကြဖို့ရှိတယ်လို့လည်း မစ္စ်ကန်နီကိုက ပြောပါတယ်။

“အထူးကိုယ်စားလှယ်တွေက သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို အစီရင်ခံကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဟာမိတ်အုပ်စုအဖွဲ့ဝင် ၁၅ နိုင်ငံတို့ကလည်း သူတို့ရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဘာသာရေးပဋိပက္ခ အကြမ်းဖက်မှုတွေ၊ ၂၀၁၅ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုတွေ အကြောင်းကိုလည်း မေးမြန်းကြဖို့ ရှိပါတယ်။” လို့ မစ္စ် ကန်နီကိုက ပြောသွားတာ ဖြစ်ပါတယ်။

ဒီသောကြာနေ့ ကျင်းပမယ့် မြန်မာ့အရေး ကုလသမဂ္ဂမဟာမိတ်အဖွဲ့ အစည်းအဝေးပွဲဟာ တခါးပိတ် ဖြစ်ပေမယ့်လို့လည်း အတွင်းရေးမှူးချုပ်ရဲ့ မိန့်ခွန်းကိုတော့ ထုတ်ပြန်ပေးဖို့ ရှိတယ်လို့ သိရပါတယ်ရှင်။

XS
SM
MD
LG