သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး မဟာမင်းကြီးက အမျိုးသားရေးအစွန်းရောက်မှု သတိပေး


ဒီဇင်ဘာလ (၁၀)ရက်နေ့မှာကျရောက်မယ့် နိုင်ငံတကာ လူ့အခွင့်အရေးပဋိဉာဉ်စာတမ်းကြီး အတည်ပြုတဲ့ နှစ် (၇၀)ပြည့် အထိမ်းအမှတ်နေ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet
ဒီဇင်ဘာလ (၁၀)ရက်နေ့မှာကျရောက်မယ့် နိုင်ငံတကာ လူ့အခွင့်အရေးပဋိဉာဉ်စာတမ်းကြီး အတည်ပြုတဲ့ နှစ် (၇၀)ပြည့် အထိမ်းအမှတ်နေ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet

ကမ္ဘာပေါ်မှာ အများကြိုက် အမျိုသားရေးဝါဒ လှုံ့ဆော်အပေါ် ထောက်ခံအားပေးမှုတွေ တိုးလာတာကြောင့် ၁၉၄၈ ခုနှစ်က အတည်ပြုခဲ့တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ပဋိဉာဉ် စာတမ်းကြီးမှာ ထည့်သွင်းဖေါ်ပြထားတဲ့ လွတ်လပ်မှု၊ လူ့အခွင့်အရေး ခံစားခွင့်နဲ့ အကာကွယ်ပေးရေးဆိုင်ရာ အချက်လက် အတော်များများဟာ ခြိမ်းခြောက်ခံနေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက သတိပေးလိုက်ပါတယ်။

ဒီအကြောင်း ဂျနီဗာကနေ VOA သတင်းထောက် Lisa Schlein ပေးပို့တဲ့ သတင်းကို ဒေါ်လှလှသန်းက တင်ပြမှာ ဖြစ်ပါတယ် ။

ဒီဇင်ဘလ (၁၀)ရက်နေ့ဟာ နိုင်ငံတကာ လူ့အခွင့်အရေးပဋိဉာဉ်စာတမ်းကြီး အတည်ပြုတဲ့ နှစ် (၇၀)ပြည့် အထိမ်းအမှတ်နေ့ကြီးဖြစ်ပါတယ်။ ပထမနဲ့ ဒုတိယကမ္ဘာစစ်ကြီးတွေရဲ့ ဒဏ်အပြင်၁၉၃၀ ခုနှစ်တွေတဝိုက်က စီးပွားရေးကပ်ဆိုဒ်မှုကြီးနဲ့ Holocaust ခေါ် ဂျူးလူမျိုးတွေကို နာဇီဂျာမနီတို့က အဆိပ်ဓါတ်ငွေ့တိုက်သွင်း သတ်ဖြတ်မှု အစရှိတဲ့ လူ့ဘဝရဲ့ အနိဌာရုံတွေကို အခြေခံပြီး ပေါက်ဖွားလာတဲ့ ဒီလူ့အခွင့်အရေး ပဋိဉာဉ် စာတမ်းကြီးဟာ အလားတူ ပဋိပက္ခဘေးဆိုးတွေ နောက်ထပ် မဖြစ်ရလေအောင် ဟန့်တားနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ဒီလူ့အခွင့်အရေး ပဋိဉာဉ်စာတမ်းကြီးဟာ ခေတ်အဆက်ဆက်မှာ မှတ်ကျောက်တင် စမ်းသပ်ခြင်းခံခဲ့ရတာဖြစ်ပြီး တိုးတက်မှုတွေလည်း ရရှိခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကပြောပါတယ်။

“နှစ် (၇၀)အတွင်းမှာ တိုးတက်မှုတွေ အများကြီးကို မြင်တွေ့ခဲ့ရပါတယ်။ ၁၉၄၈ခုနှစ်ကထက်စာရင် အဲဒီတုန်းက ကျေးကျွန်စနစ်ရှိခဲ့တယ်၊ အသားအရောင် ခွဲခြားမှုရှိခဲ့တယ်၊ ကိုလိုနီနယ်ချဲ့ဝါဒရှိခဲ့တယ်၊ ကမ္ဘာပေါ်မှာ ပြဿနာမျိုးစုံ ကြုံခဲ့ရတယ်။ နိုင်ငံအတော်များများမှာ အမျိုးသမီးတွေလည်း မဲပေးပိုင်ခွင့် မရှိခဲ့ကြပါဘူး။ ဒါကြောင့် လူ့အခွင့်အရေး ပဋိဉာဉ်စာတမ်းကြီး အတည်ပြုခဲ့ပြီးနောက် တိုးတက်မှုတွေရရှိခဲ့တာကို တွေ့နိုင်ပါတယ်။”

ဒီခေတ်မှာ LGBT ခေါ်လိင်တူခြင်း နှစ်သစ်သူ၊ လိင်အင်္ဂါပြောင်းထားသူ စတာတွေအတွက် တန်းတူအခွင့်အရေး ရရှိရေး၊ လူတွေ အသက်ရှင်နေထိုင်ခွင့်၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးခံစားခွင့်အပြင် ရာသီဥတု အပြောင်းအလဲဒဏ် စသဖြင့်နဲ့ ပတ်သက်လို့ ရင်ဆိုင်နေရတဲ့ အကဲစမ်းမှုတွေကို ဒီလူ့အခွင့်အရေး ပဋိဉာဉ်စာတမ်းကြီး အခြေခံမူတွေ ကျင့်သုံးခြင်းအားဖြင့် ဖြေရှင်းယူနိုင်ပါတယ်လို့ လည်း လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet ကပြောပါတယ်။

ဒါပေမယ့် နိုင်ငံရေးခေါင်းဆောင်တွေက ကိုယ့်နိုင်ငံကိုယ့်လူမျိုးရဲ့ အမျိုးသားရေးဝါဒီကို ဦးစားပေးပြီး အစွန်းရောက်ပြောဆိုမှုတွေကြောင့် ဒီအခြေခံလူ့အခွင့်အရေးတွေဟာ ခြိမ်းခြောက်တိုက်စားခြင်းခံနေရတယ်လို့ သူကပြောပါတယ်။

“နိုင်ငံ့ခေါင်းဆောင်တွေက အခြေချ ပြောင်းရွှေ့သူတွေအပေါ် ဆန့်ကျင်တဲ့ ပြောဆိုမှုတွေ၊ ဒါမှမဟုတ် အမုန်းတရားပွားစေမယ့် စကားတွေ၊ မတူကွဲပြားတဲ့ လူမျိုးတွေအပေါ် မုန်းတီးမှုစကားတွေ ပြောကြတဲ့အခါ လူ့အခွင့်အရေးကို တခြားသူတွေ လေးစားလိုက်နာခြင်းမပြုဖို့ လိုက်စင်ထုတ်ပေးရာ ရောက်ပါတယ်။”

ဒါကြောင့် နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ ပြောတဲ့စကားတွေအပေါ် တာဝန်ယူ တာဝန်ခံသင့်ရှိကြပြီး၊ မိမိအနေနဲ့ စံပြနမူနာအဖြစ် ခေါင်းဆောင်မှု ပြနိုင်ဖို့ လိုတယ်လို့ Bachelet ကပြောပါတယ်။ ဖွံဖြိုးဆဲနိုင်ငံတွေမှာ အာဏာပိုင်တွေက ကိုယ့်နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေကြပြီး လူ့အခွင့်အရေးဟာ အနောက်နိုင်ငံနဲ့ ဆိုင်တဲ့ အတွေးအခေါ်လို့ ဆင်ခြေပေးပြောဆိုကြတာကိုလည်း လူ့အခွင့်အရေး မဟာမင်းကြီးက လက်မခံ ပယ်ချလိုက်ပါတယ်။ လူ့အခွင့်အရေးဟာ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဖြစ်ပြီး လူတိုင်းဟာ လွတ်လပ်မှုနဲ့ အကာအကွယ်ပေးခံရမှုအပါအဝင် အခြေခံလူ့အခွင့်အရေးကို တန်းတူခံစားခွင့်ရှိသင့်ကြတယ်လို့လည်း လူ့အခွင့်အရေး မဟာမင်းကြီးက ပြောပါတယ်။

ဒါကြောင့်လည်း နိုင်ငံတကာ လူ့အခွင့်အရေးပဋိဉာဉ်စာတမ်းကြီးမှာ ထည့်သွင်းထားတဲ့ တန်ဖိုးကြီးလှတဲ့ အခွင့်အရေးတွေမဆုံးရှုံးရလေအောင် ထိန်းသိမ်းကြဖို့က လူတိုင်းမှာ တာဝန်ရှိပါတယ်လို့လည်း သူက ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG