သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေးသံ မြန်မာ သတင်းသမားတွေနဲ့ တွေ့ဆုံ


မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ်ယန်ဟီးလီ
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ်ယန်ဟီးလီ

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ဒီကနေ့ မနက်ပိုင်းမှာ ပြည်တွင်းက ပုဂ္ဂလိက သတင်းမီဒီယာတချို့က တာဝန် ရှိသူတွေနဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ညနေပိုင်းမှာတော့ တိုက်ပွဲတွေ မကြာခန ပြန်ပြန်ဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို သွားရောက်ပြီး အာဏာပိုင်တွေ၊ အရပ်ဖက်အဖွဲ့က ခေါင်းဆောင်အချို့နဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ မနက်ဖြန်မှာတော့ နေပြည်တော်ကို ညပိုင်းလောက် သွားရောက်မှာဖြစ်တဲ့အကြောင်း UN ရန်ကုန်ရုံးရဲ့ ပြောခွင့်ရှိသူ ကပြောပါတယ်။ အပြည့်အစုံကို သူ့ခရီးစဉ်ကို စောင့်ကြည့်သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

မစ္စ်ယန်ဟီးလီရဲ့ ငါးရက်မြောက်နေ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြည်တွင်း ပုဂ္ဂလိက မီဒီယာကတာဝန်ရှိသူအချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ညနေပိုင်းမှာတော့ အပစ်ရပ်ထားတဲ့ကြားက တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ ရှမ်းပြည် မြောက်ပိုင်းဒေသက လာရှိုးမြို့ကို သွားရောက်ပြီး တွေ့ဆုံသင့်တဲ့သူတွေနဲ့ တွေ့ခဲ့တယ်လို့ သူနဲ့အတူ ခရီးစဉ်တစ်လျှောက်ပါနေတဲ့ UN ရန်ကုန်ရုံး ပြောခွင့်ရှိသူ ဦးအေးဝင်းက ပြောပါတယ်။

“မနက်ကတော့ ရန်ကုန်မှာပဲပေါ့နော်။ ပုဂ္ဂလိက သတင်းမီဒီယာအချို့နဲ့တွေ့တယ်။ အခု ကျနော်တို့ လားရှိုးရောက်နေပါပြီ။ လားရှိုးမှာတော့ ဒေသ အာဏာပိုင်တွေနဲ့ ကျနော်တို့ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ မန်စည်ဆရာတော်နဲ့ ဝင်တွေ့ပါတယ်။ အဲဒီ ဒေသမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်း အချို့တွေလည်း ကျနော်တိ့ုတွေ့ပါတယ်။ အခုအစည်းအဝေးတွေကတော့ ခုထိရှိတုန်းပဲ ခင်ဗျ။”

မနက်ပိုင်းမှာတုန်းက မီဒီယာနဲ့တွေ့ဆုံချိန်မှာ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်အနေအထားတွေ၊ ရွေးကောက်ပွဲကာလမှာ မီဒီယာတွေ ဘယ်လောက် လွတ်လပ် နိုင်မလဲဆိုတဲ့ အချက်တွေကိုလည်း မစ္စယန်ဟီးလီက မေးမြန်းခဲ့တယ်လို့ တွေ့ဆုံတဲ့သူတွေထဲမှာပါဝင်တဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ပြောပါတယ်။

“သိချင်တာ အချက်အလက်စုဆောင်းတော့ ဒီဘက်က ပြန်ပြောပြတယ်။ အထူးသဖြင့် ဘာတွေ ဒီဘက်ကနေ ပြောပြကြသလဲဆိုတော့ မကြာခင် ၂၀၁၅ ရွေးကောက်ပွဲလုပ်တော့မှာပေါ့နော်။ ရွေးကောက်ပွဲလုပ်တော့မယ့်အချိန်မှာ အခုချိန်ထိ ရေဒီယိုနဲ့ရုပ်သံဆိုရင် အစိုးရနဲ့ သူ့ခရိုနီတွေပဲ ပိုင်ထားတယ်လေ။ လုံးဝသူတို့လက်ထဲမှာပဲ ရှိနေသေးတယ်။ အဲ ပုဂ္ဂလိကတွေလက်ထဲကို လုံးဝကို ချမပေးသေးဘူး။ အဲဒါနဲ့ ပတ်သက်ရင် ဥပဒေပြုနေတုန်းပဲလို့ လွှတ်တော်ထဲမှာပဲ ရှိနေတုန်းပဲလို့ ပြောတယ်။ ပြောတော့ ဒါတွေကို စိုးရိမ်စရာပေါ့။ နောက်အီလက်ထရောနစ် ဥပဒေတွေ ရှိသေးသလား။ ဒါတွေလည်း သူသိချင်တာတွေ မေးတယ်။ ဒါပါပဲ သူသိချင်တာ မေးတာပေါ့။"

ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ကို ဒီကနေ့ ညနေပိုင်းတုန်းက မစ္စယန်ဟီးလီ ရောက်ရှိခဲ့တာပါ။ တိုက်ပွဲတွေ ပြန်ပြန်ဖြစ်နေတဲ့ ဒီဒေသမှာ နေထိုင်ရတဲ့ ဒေသခံတွေ ရဲ့လူ့အခွင့်အရေး အခြေအနေတွေကိုသိရှိအောင် လေ့လာဖို့ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

ရှမ်းပြည် မြောက်ပိုင်းဒေသဟာဆိုရင် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရော၊ ပြည်သူ့စစ်အဖွဲ့တွေပါ ရောထွေးရှိနေတဲ့ဒေသမှာ အဓိက လက်နက်ကိုင် တပ်ဖွဲ့ကြီးတွေအနေနဲ့ TNLA အဖွဲ့ ရှိပြီး ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် မြောက်ပိုင်း (SSPP/SSA) ရဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

ဒီဒေသမှာ ဥပဒေစိုးမိုးရေးအားနည်းနေတဲ့အချက်ကို အဓိက ဇောင်းပေးလေ့လာဖို့ အလိုရှိတယ်လို့လည်း လာရှိုးမြို့ခံလည်းဖြစ်၊ ရှမ်းတိုင်းရင်းများ ဒီမိုကရက်တစ်ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးစိုင်းစံမင်းက ပြောပါတယ်။

“အဓိကကတော့ ဗျာ၊ ကျနော်တို့ဒေသမှာတော့ ငြိမ်းချမ်းချင်တယ်ဗျ။ ဒီဒေသမှာ ကျနော်တို့ ရှမ်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ တစ်အားများတယ်-နော်။ ဒေသငြိမ်းချမ်းမှ ကျနော်တို့ဖြစ်ချင်တဲ့၊ သမ္မတကြီးတောင်းဆိုတဲ့၊ ဖြစ်ချင်တဲ့၊ ပြည်ထောင်စုနေ့မှာ လက်မှတ်ရေးထိုးမဲ့ကိစ္စတွေ အောင်မြင်မယ်လို့ ကျနော် ထင်တယ်လေ။ ဒါတွေက ချိတ်နေတယ်နော်။"

မစ္စယန်ဟီးလီအနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံခရီးအတွင်းမှာပဲ နိုင်ငံရေးအကျဉ်းသားတွေ၊ အကျဉ်းသားအရေး လှုပ်ရှားသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းက တက်ကြွလှုပ်ရှားသူတွေ၊ ပြီးတော့ မြန်မာ့အရေး လေ့လာအကဲဖြတ်တစ်ချို့နဲ့ ပြီးခဲ့တဲ့ရက်တွေတုန်းက တွေ့ဆုံခဲ့တာပါ။ ရခိုင်ပြည်နယ်ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့ပြီး ကြာသပတေးနဲ့ သောကြာနေ့တွေမှာ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာခဲ့ပါတယ်။

မစ္စ ယန်ဟီးလီရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်အနေနဲ့ ဇန်နဝါရီ လ ၇ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ မြန်မာနိုင်ငံနေထိုင်မှာ ဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ ရှမ်း ပြည်မြောက်ပိုင်း အခြေအနေတွေကို လေ့လာနေပါတယ်။ မနက်ဖြန်မှာ ရှမ်းပြည်မြောက်ဘက် ဒုက္ခသည်စခန်းအချို့ကို သွားရောက်ဖို့ရှိပြီး ညနေပိုင်းမှာ နေပြည်တော်ကို သွားမှာပါ။

အခု ခရီးစဉ်ကတွေ့ရှိချက်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ ရှိပါတယ်ခင်ဗျား။

XS
SM
MD
LG