သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကောင်စီ ရိုဟင်ဂျာအရေးစိုးရိမ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးထွက်ပြေးလာသူတွေကို မြန်မာရေတပ်က ကယ်တင်ပြီး ရခိုင်ပြည်နယ်၊ အလယ်သံကျော်ကျေးရွာက မွတ်ဆလင်ဗလီကျေင်းမှာ ယာယီနေထိုင်ခွင့်ပေးထားစဉ်။ (မေ ၂၃၊ ၂၀၁၅)
ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးထွက်ပြေးလာသူတွေကို မြန်မာရေတပ်က ကယ်တင်ပြီး ရခိုင်ပြည်နယ်၊ အလယ်သံကျော်ကျေးရွာက မွတ်ဆလင်ဗလီကျေင်းမှာ ယာယီနေထိုင်ခွင့်ပေးထားစဉ်။ (မေ ၂၃၊ ၂၀၁၅)

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein က တနင်္လာနေ့က ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံအတွင်း ပြောကြားလိုက်ပါတယ်။ အလားတူပဲ ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း OIC အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီရဲ့ ၂၉ ကြိမ်မြောက် ညီလာခံအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein က ကမ္ဘာတဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရွေ့ပြောင်း နေထိုင်သူများအရေးနဲ့ ပတ်သက်လို့ အကျယ်တဝင့် ပြောဆိုသွားတာမှာ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ ဖိနှိပ် ချုပ်ချယ်ခံနေရတဲ့ အရေးနဲ့ပတ်သက်လို့ သူ့အနေနဲ့ အထူးစိုးရိမ် ပူပန်ကြောင်း အခုလို ထည့်သွင်း ပြောကြားသွားတာပါ။

“မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေအပေါ် ဖိနှိပ် ချုပ်ချယ်မှုတွေအပေါ် ကျနော့်အနေနဲ့ အထူး စိုးရိမ် ပူပန်မိပါတယ်။ ဒီအကြမ်းဖက်မှုတွေ ဘယ်လောက် ကြီးမားတယ်ဆိုတာနဲ့ ဒီကိစ္စကို ဘယ်လို ထိထိရောက်ရောက် ဖြေရှင်းနိုင်မလဲ ဆိုတာတွေကို လူ့အခွင့်အရေး ကောင်စီအနေနဲ့ စုံစမ်း စစ်ဆေး အချိန်တန်နေပြီလို့ ကျနော်ထင်ပါတယ်။”

အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေကနေ မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပတိုက်ကို ထွက်ပြေးလာကြတဲ့ သူတွေနဲ့ အရှေ့တောင်အာရှတိုက် အတွင်း မြန်မာနိုင်ငံက ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆင်းရဲနွမ်းပါးမှုတွေကြောင့် ဒေသတွင်း နိုင်ငံတွေကို ထွက်ခွာလာကြသူတွေရဲ့ ဖြစ်ရပ်ဟာ တူညီနေကြောင်း လူ့အခွင့်အရေး မဟာမင်းကြီးက ကောက်ချက်ဆွဲ ပြောသွားပါတယ်။

လွန်ခဲ့တဲ့ နှစ်အနဲငယ်ကစပြီး မြန်မာနိုင်ငံထဲမှာ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာခဲ့တဲ့အတွက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်သလို နိုင်ငံရေးအရ ထိန်းချုပ်ထားမှုတွေကိုပါ လျော့ချပေးလာတာကို တွေ့ရတဲ့အကြောင်း၊ ဒါပေမယ့် အဲဒီ ပြုပြင်ပြောင်းလဲမှုတွေက ရိုဟင်ဂျာတွေအပေါ် စံနစ်တကျ ခွဲခြား ဆက်ဆံမှုတွေနဲ့ ရခိုင်ပြည်နယ်အတွင်း မတူညီတဲ့ လူမျိုးစုတွေအကြား သဟဇာတဖြစ်စေမယ့် တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်း လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုတွေ ဖြစ်နေတာဟာ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ထွက်ပြေးစေတဲ့ အခြေခံအကြောင်းတရားလို့ ယူဆလို့ ရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလို ဖြစ်နေတာတွေက အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် တာလီဘန်တွေက ကြေညာချက်တွေ ထုတ်ပြန် ပြောဆိုထားသလို ကြီးမားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တဲ့ အစွန်းရောက်တွေရဲ့ ဝင်ရောက် စွက်ဖက်မှုတွေနဲ့ ရင်ဆိုင်ရမှာကို သူ့အနေနဲ့ စိုးရိမ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတဲ့ပြဿနာကို ရေရှည် အဖြေရှာဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး Zamir Akram ကလည်း OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား လူ့အခွင့်အရေး ညီလာခံမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

“ရခိုင်ပြည်နယ်အတွင်းနဲ့ မြန်မာနိုင်ငံအတွင်းက တခြားဒေသတွေမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတဲ့ကိစ္စကို စိုးရိမ် ပူပန်ကြောင်း OIC အနေနဲ့ အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်ပါတယ်။ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ အစာရေစာ မပါပဲ အိန္ဒိယ သမုဒ္ဒယာထဲမှာ မျောပါနေတဲ့ ကိစ္စဟာ စိုးရိမ်စရာ ဖြစ်ပါတယ်။ သူတို့ကို ကူညီဖို့ ဒေသတွင်းနိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကျနော်တို့အနေနဲ့ ချီးကျူးပါတယ်။ ဒါပေမယ့် ဒါဟာ ရေတို ဖြေရှင်းပဲ ဖြစ်ပါတယ်။ ဒီပြဿနာရဲ့ အခြေခံ အကြောင်းရင်းတွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးပါအဝင် တခြား သက်ဆိုင်တဲ့ အခွင့်အရေးတွေကို မပေးမချင်းတော့ ဒီပြဿနာဟာ ပြေလည်သွားမှာ မဟုတ်ပါဘူး။”

အလားတူပဲ Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း ကမ္ဘာ့တလွှား ဖြစ်ပေါ်နေတဲ့ ဒုက္ခသည်တွေအရေး ပဋိပက္ခဟာ တာဝန်ရှိသူတွေက သူတို့အရေးကို မျက်ကွယ်ပြုထားတဲ့အတွက် ဖြစ်တဲ့အကြောင်း - The Global Refugee Crisis: A Conspiracy of Neglect လို့ အမည်ပေးထားတဲ့ ဒုက္ခသည်တွေအရေးနဲ့ဆိုင်တဲ့ အစီရင်ခံစာတခု ဇွန်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာအတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖော်ပြထားတာမှာတော့ - ၂၀၁၅ ခုနှစ် ပထမ ၄ လအတွင်း ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၂၅,၀၀၀ ရှိခဲ့တယ်လို့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းရုံးက အစီရင်ခံစာ ထုတ်ပြန်ထားကြောင်း၊ ဒါဟာ ၂၀၁၄ ခုနှစ် အလားတူ အချိန်ကနဲ့ နှိုင်းယှဉ်လိုက်ရင် ထွက်ပြေးလာသူ အရေအတွက် ၂ ဆ တိုးလာခြင်း ဖြစ်ကြောင်း၊ ဒီဘင်္ဂလားပင်လယ်အော် ရေကြောင်းလမ်းကို မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက အများစု အသုံးပြုနေခြင်း ဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရှေ့အလယ်ပိုင်း၊ အာဖရိကတိုက်အတွင်းနဲ့ အာရှိတိုက်တလွှားမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒုက္ခသည်တွေအရေးဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း အဆိုးရွားဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ကမ်းခြေအနီးကပ်လာတဲ့ စက်လှေတွေပေါ် ပါလာသူ လှေစီးပြေး ဒုက္ခသည် ၈,၀၀၀ လောက်ထဲက အများစုဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေလို့ ယူဆရကြောင်း IOM - နိုင်ငံတကာ ရွေ့ပြောင်းနေထိုင်သူများရေး ဆောင်ရွက်နေတဲ့အဖွဲ့က မေလ ၁၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရကတော့ - ရိုဟင်ဂျာတွေအရေး ရေရှည် အဖြေရှာနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းဝိုင်းနဲ့ ညှိနှိုင်း ဆောင်ရွက်နေကြောင်း ပြီးခဲ့တဲ့လ အတွင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင်က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG