သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး လူ့အခွင့်အရေးကောင်စီညီလာခံမှာ အလေးပေးဆွေးနွေးဖို့ကန်တိုက်တွန်း


နိုင်ငံတကာ အဖွဲ့အစည်း ဗျူရိုဆိုင်ရာ ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အမေရိကန်သံကိုယ်စားလှယ် Marry Catherine Phee
နိုင်ငံတကာ အဖွဲ့အစည်း ဗျူရိုဆိုင်ရာ ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အမေရိကန်သံကိုယ်စားလှယ် Marry Catherine Phee

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၃၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ကမ္ဘာတဝှမ်း လူ့အခွင့်အရေးအခြေနေ စိုးရိမ်ရတဲ့နိုင်ငံတွေအကြောင်း အထူးအလေးပေး ဆွေးနွေးတင်ပြခဲ့ကြရာမှာ မြန်မာနိုင်ငံ ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်အရေးလည်း ပါဝင်ပါတယ်။

ညီလာခံ တတိယနေ့မှာ အမေရိကန်သံ ကိုယ်စားလှယ်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပါလိမ့်မယ်။

ဂျီနီဗာမှာ ဗုဒ္ဓဟူးနေ့က ဆက်လက်ကျင်းပနေတဲ့ (၃၇)ကြိမ်မြောက် လူ့အခွင့်အရေး နှစ်ပတ်လည်ညီလာခံမှာ မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေးဆိုးရွားလှတဲ့ နိုင်ငံတွေနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးခဲ့ပြီး အဲဒီနိုင်ငံတွေအပေါ် ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်း ဗျူရိုဆိုင်ရာ ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အမေရိကန်သံကိုယ်စားလှယ် Marry Catherine Phee က အခုလိုတိုက်တွန်းခဲ့ပါတယ်။

“ဒီညီလာခံမှာ လူ့အခွင့်အရေးကောင်စီအနေနဲ့ မြောက်ကိုရီးယား၊ အီရန်၊ မြန်မာ၊ တောင်ဆူဒမ်နဲ့ ဆီရီးယားအရေးတို့ကို ဦးစားပေးပြီးဆွေးနွေးကြမှာဖြစ်ပါတယ်။ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အတူတကွစုစည်းပြီးတော့ ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေကို ဒီနိုင်ငံတွေအပေါ် ချမှတ်နိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၇ သိန်းနီးပါးထွက်ပြေးခဲ့ရတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခအခြေအနေဟာ လွန်စွာစိုးရိမ်စရာကောင်းကြောင်း အမေရိကန်ကိုယ်စားလှယ်က အခုလိုတင်ပြသွားပါတယ်။

“ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အထောက်အပံတွေကို အဟန့်အတားမရှိပေးနိုင်ဖို့ အပြင် သတင်းလွတ်လပ်စွာ ယူနိုင်ခွင့်ပြုဖို့ကိုလည်း ဆက်လက်ပြီးတော့ တိုက်တွန်းပါတယ်။ ဒါအပြင် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုနဲ့ အခြားလူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုတွေအတွက် တာဝန်ရှိကြသူတွေကိုလည်း အရေးယူဖို့ တောင်းဆိုပါတယ်။ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးရဲ့ လုပ်ပိုင်ခွင့်ကို အားဖြည့်ပေးပြီးတော့ သက်တမ်းကိုလည်း အသစ်ထပ်တိုးရမှာဖြစ်ပါတယ်။”

၂၀၁၄ခုနှစ်က စတင်တာဝန်ယူခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး ယန်ဟီလီ ရဲ့လုပ်ပိုင်ခွင့်ကို အားဖြည့်ပေးပြီး ရာထူးသက်တမ်းကိုတိုးဖို့ အမေရိကန်သံကိုယ်စားလှယ်က တင်ပြခဲ့တာဖြစ်ပါတယ်။ ယန်ဟီလီဟာ မကြာသေးမီက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာပြည်ကို သွားရောက်ခွင့်တောင်းခံခဲ့ပေမယ့်လို့လည်း မြန်မာအစိုးရက သူ့ကို ဝင်ခွင့်မပြုခဲ့တဲ့အတွက်ကြောင့် သူဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့ကိုသာ သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်သံကိုယ်စားလှယ်က မြန်မာအစိုးရ ပြောခဲ့သလို ရခိုင်ပြည်နယ်ပဋိပက္ခအခြေအနေ တိုးတက်ကောင်းမွန်နေတယ်ဆိုရင် မစ္စ ယန်ဟီလီ အပါအဝင် ပြီးခဲ့တဲ့နှစ် မတ်လက စတင်ဖွဲ့စည်းခဲ့တဲ့ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း Mr. Marzuki Darusman ဦးဆောင်တဲ့ သုံးဦးပါ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့ကိုလည်း မြန်မာနိုင်ငံကို သွားရောက်ခွင့်ပြုဖို့ တိုက်တွန်းလိုက်ပါတယ်။

“အခြေအနေဟာ မြန်မာအစိုးရပြောသလို တကယ်ပဲ တိုးတက်ကောင်းမွန်လာပြီဆိုရင် ကောင်စီရဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ဝင်အပြင် စုံစမ်းစစ်ဆေးမှူးနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ သူတို့ကို ဝင်ခွင့် မတားမြစ်သင့်ပါဘူး။ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိတာဟာ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေအတွက် လုံးဝလက်ခံနိုင်စရာမရှိသလို သိပ်ကိုလည်း ခံပြင်းစရာကောင်းပါတယ်။”

လက်ရှိ ကျင်းပနေတဲ့ နှစ်ပတ်လည် လူ့အခွင့်အရေးကောင်စီညီလာခံကို တနင်္လာနေ့က ဖွင့်ပွဲပြုလုပ်တုန်းကလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်ထိုနီယို ဂူတာရပ်စ်က ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အထောက်အကူတွေကို အဟန့်အတားမရှိပေးခွင့် ပြုဖို့ မြန်မာအာဏာပိုင်တွေကို တောင်းခံလိုက်ပြီး သူ့အနေနဲ့ ရခိုင်ပြည်နယ်ကို အကြိမ်ပေါင်းများစွာ သွားရောက်ခွင့်ရခဲ့စဉ်က သူ့ရဲ့အတွေ့အကြုံအရ ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ ဖိနှိပ်ခံရဆုံး လူတွေဖြစ်တယ်လို့ သူ့မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

သြဂုတ်လမှာ သက်တမ်းကုန်မယ့် ကုလသမဂ္ဂမဟာမင်းကြီး Zeid Al Hussein ကလည်း ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခြင်းခံနေရတာနဲ့ ပတ်သက်လို့ နိုင်ငံတကာက ထိရောက်စွာ ဟန့်တားနိုင်ခြင်းမရှိတဲ့အပေါ်မှာလည်း သူရဲ့ ညီလာခံအဖွင့်မိန့်ခွန်းမှာ မေးခွန်းထုတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကတော့ ရခိုင်ပြည်နယ် ပဋိပက္ခကို အပြုသဘောနဲ့ မချဉ်းကပ်ဘူးဆိုရင် ဆိုကျိုးတွေဖြစ်လာနိုင်ပြီး ပြဿနာဖြေရှင်းဖို့ကို ထိခိုက်နိုင်တယ်လို့ လူ့အခွင့်အရေးကောင်စီညီလာခံရဲ့ ဒုတိယနေ့မှာ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG