သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး တိုးတက်ဖို့ ကုလထပ်မံတိုက်တွန်း


ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောဒုဖဒုက္ခသည်စခန်းမှ မူဆလင် ဒုက္ခသည်များကို တွေ့ရစဉ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောဒုဖဒုက္ခသည်စခန်းမှ မူဆလင် ဒုက္ခသည်များကို တွေ့ရစဉ်။
ပြီးခဲ့တဲ့လက ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံက တနင်္လာနေ့မှာ တညီတညွတ်ထဲ အတည်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် တခဲနက်ကြိုဆိုခဲ့ပေမယ့် အာဏာပိုင်တွေဘက်က လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေသလို ရခိုင်ပြည်နယ်ထဲက လူနည်းစုရိုဟင်ဂျာတွေရဲ့ အခြေအနေကို စိုးရိမ်စိတ်ပူကြောင်း အတည်ပြုထုတ်ပြန်လိုက်တာပါ။

၆၇ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ လူမှုရေး၊ လူသားချင်းစာနာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိယကော်မရှင်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်း ချမှတ်ခဲ့တာနဲ့ ပါတ်သက်ပြီး တနင်္လာနေ့က စီမံခန့်ခွဲရေးနဲ့ ငွေကြေးခန့်ခွဲရေးဆိုင်ရာ ပဉ္စမကော်မတီမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ မဲခွဲစရာမလိုပဲ တခဲနက် အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေနဲ့အတူ အစိုးရရဲ့ ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် ကြိုဆိုလိုက်ပေမယ့် မြန်မာနိုင်ငံမှာ အာဏာပိုင်တချို့က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေတယ် ဆိုတာနဲ့ ဗုဒ္ဓဘာသာနဲ့ မူဆလင်ရိုဟင်ဂျာတွေကြား ရခိုင်ပြည်နယ်မှာဖြစ်ပွါးခဲ့တဲ့ အရေးအခင်းနောက်ပိုင်း အဲဒီဒေသထဲက လူနည်းစုရိုဟင်ဂျာတွေရဲ့ အခြေအနေကို စိုးရိမ်စိတ်ပူကြောင်း ပြောကြားလိုက်တာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ နိုင်ငံရေး အကျဉ်းသားတွေကို အချိန်မဆိုင်းပဲ ဆက်လွှတ်ပေးဖို့နဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေ အပြည့်ပေးဖို့ပါ တောင်းဆိုထားပါတယ်။ ဒါ့အပြင် ဖမ်းဆီးမှုတွေ အတင်းအကြပ် အိုးအိမ်ရွှေ့ပြောင်းခိုင်းတာတွေနဲ့ အကြမ်းဖက်မှုတွေအားလုံး ရပ်ဆိုင်းပစ်ဖို့ပါ တောင်းဆိုတာပါ။
ကုလသမဂ္ဂ အထွေထွေညီလာခံ မှာ တတိယကော်မရှင်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းကို မဲခွဲမဆုံးဖြတ်ခင် ဆော်ဒီအာရေဗျ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်က တညီတညွတ်ထဲ ဆုံးဖြတ်ချက်ချရာမှာ သူ့နိုင်ငံကပါ ပါဝင်မှာဖြစ်ကြောင်း စကားပြန်ကနေ တဆင့် ပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းအတွက် တညီတညွတ်ထဲ ဆုံးဖြတ်ရာ မှာ ဆော်ဒီအာရေဗျ နိုင်ငံက ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ လူ့အခွင့်အရေး ဆိုင်ရာအကာအကွယ်ပေးဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် သံန္ဒိဌာန်ချ လုပ်ဆောင်နေတာတွေကို ကျွန်တော်တို့က ထောက်ခံပါတယ်။ အဲဒီအထဲမှာ ရိုဟင်ဂျာတွေရဲ့ အခြေနေကို စိတ်မကောင်းဖွယ်ရာတွေ့နေရတာမို့ ဆော်ဒီအာရေဗျ နိုင်ငံအနေနဲ့ သူတို့ကို နိုင်ငံသားဖြစ်ရေး အပါအဝင် တခြားအခြေခံရပိုင်ခွင့် အခွင့်အရေးတွေ ရအောင် လုပ်ပေးသင့်ကြောင်း တင်ပြချင်ပါတယ်။ ဒ့ါပြင် လူမျိုးဘာသာ မခွဲခြားပဲ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ တောင်းဆိုပါတယ်။ ဒီဒုက္ခရောက်နေသူတွေကို ကူညီဖို့ ဆော်ဒီအာရေဗျနိုင်ငံက ဒေါ်လာ သန်း ၅၀ ပေးဖို့ ဆုံးဖြတ်ခဲ့တာမို့ တခြားနိုင်ငံတွေကလည်း အလားတူ ပါဝင်လာမယ်လို့ မျှော်လင့်ပါတယ်။"

ရခိုင်ဒေသမှာ မူဆလင် ရိုဟင်ဂျာ ၈သိန်းလောက်နေထိုင်ပြီး သူတို့ဟာ အိမ်နီးချင်း Bangladesh နိုင်ငံဘက်က ရွှေ့ပြောင်း အခြေချလာသူတွေ အဖြစ် ရခိုင်အပါအဝင် မြန်မာအများက ရှုမြင်ကြတာပါ။ ပြီးခဲ့တဲ့လ မဲခွဲဆုံးဖြတ်အပြီးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်က ရိုဟင်ဂျာ အသုံးအနှုံးနဲ့ ပါတ်သက်ပြီး ကန့်ကွက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးတွေထဲမှာ ရိုဟင်ဂျာဆိုတာ မပါဝင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုမှုနဲ့ ပါတ်သက်ပြီး ဆော်ဒီအာရေဗျ ကိုယ်စားလှယ်က ဒါဟာ အနှုတ်လက္ခဏာဆောင်တယ်လို့ ယူဆပါတယ်။

"တတိယကော်မတီရဲ့ ဆုံးဖြတ်ချက်မူကြမ်းအတွက် မဲပေးပြီးချိန်မှာ မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့ဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုံးနဲ့ ပါတ်သက်ပြီး လက်မခံတာတွေ့ရပါတယ်။ အခုလို လက်မခံတာမျိုးဟာ ဖိနှိပ်တာ ခံနေရတဲ့ ဒီလူမျိုးတွေနဲ့ ပါတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ရေးအတွက် ကောင်းတဲ့သဘောကို မဆောင်တဲ့အပြင် နိုင်ငံတကာက တညီတညွတ်ထဲ တောင်းဆိုနေတာတွေ အတွက်ပါ အနှုတ်လက္ခဏာပြနေတယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်။"

ဒါ့ကြောင့် ဆော်ဒီအာရေဗျနိုင်ငံက ဒီအခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်နေမှာဖြစ်ကြောင်းနဲ့ လူနည်းစု ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရှိရေး နိုင်ငံတကာရဲ့ လိုလားချက်တွေကို မြန်မာအစိုးရဘက်က ပူးပေါင်းပြီးဆောင်ရွက်လာမယ်လို့ မျှော်လင့်ထားကြောင်းလဲ ပြောပါတယ်။

အဖွဲ့ဝင် ၁၉၃ နိုင်ငံ တက်ရောက်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ချစ်ကြည်ရေးရုံး ဆက်လက်ဖွင့်ထားဖို့နဲ့ ၂၀၁၃ခုနှစ်အတွက် ရံပုံငွေ ဒေါ်လာ ၁ သိန်း ၂သောင်းကျော် ချထားပေးဖို့ ပါ သဘောတူခဲ့ကြပါတယ်။
XS
SM
MD
LG