သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးသံ ၂-ဘက် ဒုက္ခသည်စခန်းလေ့လာ


မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ် Yanghee Lee
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ် Yanghee Lee

ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ်ယန်ဟီးလီဟာ ဒီကနေ့ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပြီး ရခိုင်ပြည်နယ်ထဲမှာ ပဋိပက္ခတွေတားဆီးနိုင်ဖို့ ဖွဲ့စည်းထားတဲ့ အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မနက်ဖြန်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကိုသွားမယ်လို့ UN ရန်ကုန်ရုံးရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မစ္စ်လီရဲ့ခရီးစဉ်ကို စောင့်ကြည့် သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

မစ္စယန်ဟီးလီရဲ့ စတုတ္ထမြောက်နေ့ခရီးစဉ်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက လူမျိုးစု အသိုင်းအဝိုင်း ၂ ဖက်ရဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တာပါ။ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ပြီးနောက် နေ့လည်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ဖြစ်လာရင် တားဆီးနိုင်ဖို့ ဖွဲ့ထားတဲ့ အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးစင်တာ ECC က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ UN ရန်ကုန် ရုံးရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

“ရခိုင် camp ကို ကျနော်တို့သွားတယ်။ အဲဒီက camp တွေထဲ ဝင်ကြည့်တယ်။ အဲဒီက camp က လူတွေနဲ့လည်း စကားအတော်လေး ပြောဖြစ်တယ်။ နောက်အဲဒါပြီးတော့ သက်ကယ်ပြင်-ဆိုတဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းကိုလည်းသွားတယ်။ အဲဒီမှာလည်း ခနဝင်ကြည့်တယ်။ အဲဒါပြီးတော့ ကျနော်တို့ ECC အဖွဲ့နဲ့ တွေ့တယ်။ တော်တော်လေးဆွေးနွေးရပါတယ်။ ကျနော်တို့ ၂ နာရီကျော်လောက် တစ်ရင်တစ်နှီး ဆွေးနွေးလိုက်ရပါတယ်။ အဲဒါပါပဲ ခုတော့ ကျနော်တို့ လေယာဉ်ပျံကွင်း ဆင်းနေပြီဗျ။”

ECC နဲ့တွေ့ဆုံချိန်မှာ မစ္စ ယန်ဟီးလီဟာ ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ နှစ်ဖက်လူမျိုးစု ၂ ခုအကြား အတူယှဉ်တွဲနေထိုင်ရေးနဲ့ပတ်သက်ပြီး ဇောင်းပေး ဆွေးနွေးခဲ့တာကိုတွေ့ရတယ်လို့ ECC မှာ ပါဝင်တဲ့ ခေါင်းဆောင်ပိုင်း မြို့မိမြို့ဖ ဦးသာပွင့်က ဗွီအိုအေကို ပြောပါတယ်။

ဒါပေမဲ့ အစိုးရကပါ ရိုဟင်ဂျာဆိုတာကို အသိအမှတ်မပြုတဲ့အတွက် ကုလသမဂ္ဂက အခုလို တွန်းအာပေးလာမယ်ဆိုရင် ၂ ဖက် အသိုင်းအဝိုင်းကြား အဆင်ပြေဖို့ သိပ်မရှိဘူးလို့ ပြန်လည်ဆွေးနွေးခဲ့တဲ့အကြောင်း သူက ပြောပါတယ်။

“ကျနော်တို့က လုံးဝ လက်မခံနိုင်ပါဘူး။ သမိုင်းမှာလည်း မရှိဘူး။ ရိုဟင်ဂျာဆိုတာ ကြီးကို။ ကုလသမဂ္ဂကသုံးစွဲနေသမျှ သင့်မြတ်ဖို့ကမလွယ်ဘူး။ မီးရှို့ပေးနေတဲ့သဘောပဲ သက်ရောက်တယ်။ ဘင်္ဂါလီဟာ ဘင်္ဂါလီအနေနဲ့ နိုင်ငံသားလျှောက်ရင် ကျနော်တို့ ကန့်ကွက်စရာမရှိဘူး။ လူမျိုးတစ်ခုလုံး ခိုးဝင်လာတဲ့ တစ်အုပ်လုံးကို ပေးရမယ်ဆိုတာကြီးက ကျနော်တို့ လက်မခံနိုင်ဘူး။ တိုင်းရင်းသားပါဆို ပိုဆိုးလာတယ်။ အဲဒါကြီးက ဝိုင်းပြီးတော့ လုပ်တယ်။ ကျနော်တို့ ရှင်းပြပြီးပြန်တော့လည်း သမိုင်းမှာ ရိုဟင်ဂျာ မရှိပါဘူ။ ဒီနယ်မြေဟာ ကျနော်တို့ ရခိုင်မြေပါလို့ ပြောတော့လည်း၊ Identification လို့ ပြောပြန်တယ်။ ဒါကြီးတွေကဘင်္ဂါလီဘက်ကချည့်ပဲ။ Human Rights လို့ ပြောနေပေမယ့် ကျနော်တို့ကတော့ ဘင်္ဂါလီ Rights လို့ မြင်တယ်လို့ အဲဒီလို ပြောခဲ့တယ်။”

မစ္စ ယန်ဟီးလီရဲ့ မြန်မာနိုင်ငံခရီးစဉ် မစတင်ခင် ပြည်ပက ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ရခိုင်ပြည်နယ်အတွင်းက လူနည်းစု မွတ်ဆလင်တွေ အတွက် လူ့အခွင့်အရေး အပြည့်အဝမရတာတွေကို ထောက်ပြဖို့ တောင်းဆိုခဲ့ကြတာပါ။

ဗုဓ္ဒဟူးနေ့က သူ့ရဲ့ ရခိုင်ပြည်နယ်ခရီးအစ စစ်တွေမြို့မှာပဲ ဒေသခံ ရခိုင်လူထု၊ အရပ်ဖက် လူအဖွဲ့အစည်းအချို့က လေယာဉ်ကွင်းမှာ ဆန္ဒဖော်ထုတ်တာ၊ ရိုဟင်ဂျာအရေး တစ်ဖက်သတ် တောင်းဆိုမှုတွေမလုပ်ဖို့ ဆန့်ကျင် ကန့်ကွက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း ရိုဟင်ဂျာအရေးနဲ့ပတ် ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကိုဖိအားမပေးဖို့ နဲ့ မြန်မာအစိုးရက ရိုဟင်ဂျာကို တိုင်းရင်းသားအနေနဲ့ သတ်မှတ်တာမျိုးမရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်လူနည်းစုတွေအတွက် မျှမျှတတဖြစ်ဖို့က အစိုးရမှာ အဓိက တာဝန်ရှိတယ်လို့ ပြည်တွင်းက မွတ်စလင်ပါတီ တစ်ခုဖြစ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက အတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောပါတယ်။

“နှစ်ဖက် လူနည်းစု နှစ်ဖက်လုံး အဓိက ဖြစ်ဖို့ဆိုတာက အစိုးရပေါ်မှာ မူတည်တယ်ခင်ဗျ။ အစိုးရပေါ်မှာ မူတည်တယ်ဆိုတာက လွတ်လပ်ရေးရပြီး နောက်ပိုင်း ဖဆပလ လက်ထက် နှစ်ပေါင်း ၁၇ နှစ် အထိ နှစ်ဖက် လူအဖွဲ့အစည်းက ရခိုင်ရော၊ ရိုဟင်ဂျာရော ဘာမှပြဿနာမှ မရှိဘူး။ အေးတူပူအမျှ အားလုံးငြိမ်းငြိမ်းချမ်းချမ်းနေကြတယ်။ အဲဒီတုန်းက အစိုးရကလည်း ဖာသိဖာသာနေတယ်။ ဘယ်ဘက်မှမလိုက်ဘူး။ အဲဒီတုန်းက ရခိုင်ကသော်လည်းကောင်း၊ အဖွဲ့အစည်းကသော်လည်းကောင်း၊ ရိုဟင်ဂျာကို ကန့်ကွက်တာ မရှိဘူး။ အဓိကက အစိုးရအပေါ်မှုတည်တယ်။ ဒီနေ့လည်း နိုင်ငံတော်အစိုးရက အဲဒါကို ကိုင်တွယ်မယ်ဆိုရင် ရိုဟင်ဂျာကိစ္စ မျှမျှတတဖြစ်သွားမယ်လို့ ကျနော်မြင်ပါတယ်။”

မစ္စယန်ဟီးလီအနေနဲ့ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ အကျဉ်းသားအရေးလှုပ်ရှားသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းက တက်ကြွ လှုပ်ရှားသူတွေ၊ ပြီးတော့ မြန်မာ့အရေးလေ့လာ အကဲဖြတ် တစ်ချို့နဲ့ တွေ့ဆုံခဲ့တာပါ။ ရခိုင်ပြည်နယ်ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့ပြီး ကြာသာပတေးနဲ့ သောကြာနေ့တွေ မှာ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကနေ့ စနေနေ့မှာ စစ်တွေကနေ ရန်ကုန်မြို့ကိုအပြန် စစ်တွေလေယာဉ်ကွင်းမှာ ရခိုင်လူထုအချို့က ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

မစ္စ ယန်ဟီးလီရဲ့ ဒုတိယအကြိမ်မြောက် ခရီးစဉ်အနေနဲ့ ဇန်နဝါရီ လ ၇ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ မြန်မာနိုင်ငံနေထိုင်မှာ ဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ ရှမ်း ပြည်မြောက်ပိုင်း အခြေအနေတွေ၊ ပြီးတော့ ပြည်တွင်းက လတ်တလောဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ အကဲဖြတ်မှာလည်း ဖြစ်ပါတယ်။

အခု ခရီးစဉ်က တွေ့ရှိချက်တွေကိုတော့ ဒီ ၂ဝ၁၅ ခုနှစ် ဧပြီလထဲကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ ရှိပါတယ်ခင်ဗျား။

XS
SM
MD
LG