သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အသစ်အနေနဲ့ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ပြတ်ပြတ်သားသား ထောက်ပြပြောဆိုလိမ့်မယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက မျှော်လင့်နေပါတယ်။ တောင်ကိုရီးယားနိုင်ငံသူ ပါမောက္ခ Yanghee Lee ဟာ သူ့ရဲ့ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် ဇူလိုင်လ ၁၇ ရက်ကနေ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

၂၀၁၄ မေလက ၆ နှစ်တာ သက်တမ်းကုန်ဆုံးသွားတဲ့ သောမတ် အိုဟေး ကင်တားနားရဲ့နေရာမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ဇွန်လက မစ် Yanghee Lee ကို အစားထိုး ခန့်အပ်ခဲ့တာပါ။

မစ် Lee ဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ ကြာသပတေးနေ့မှာ စတင်မယ့် ခရီးစဉ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ ရခိုင်၊ ကချင်ပြည်နယ်တွေအပြင် မကြာသေးခင်က အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ မန္တလေးမြို့ကိုလည်း သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ပါမောက္ခ Yanghee Lee အနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဆိုးရွားနေတာနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို ဖိအားပေးပြောဆိုဖို့ လိုတယ်လို့ HRW နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာတာဝန်ခံ Brad Adams က ပြောပါတယ်။

“ဒီအထူးကိုယ်စားလှယ်မတိုင်ခင် ထမ်းဆောင်ခဲ့တဲ့ ကင်တားနား၊ ပင်ညဲရိုး စတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေဟာ မြန်မာအစိုးရကို လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ကြတာပါ။ ကုလသမဂ္ဂဘက်က ဒီလိုမျိုးသာ မထောက်ပြနိုင်ခဲ့ရင် အထူးသဖြင့် မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ဒီထက်ပိုပြီး လုပ်လာနိုင်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရကို ဆက်ပြီး ဖိအားပေးနိုင်ဖို့ သူ့အနေနဲ့ ခိုင်မာပြတ်သားဖို့ လိုပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာပြည်တွင်း ဖြစ်နေတဲ့ အခြေအနေတွေကို လက်တွေ့သိရဖို့ အစိုးရရော ပြည်သူတွေပါ သူ့ကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောပြဖို့ဟာ အရေးကြီးတယ်လို့ မစ် Lee က ပြောထားကြောင်း ဖော်ပြထားပါတယ်။ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ပြောခွင့်ရပုဂ္ဂိုလ် ဦးမင်းလွင်ဦးကလည်း အခု လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ် Lee ရဲ့ ပထမဆုံးအကြိမ် မြန်မာခရီးစဉ်ရဲ့ ထူးခြားချက်နဲ့ ပတ်သက်လို့လည်း အခုလို ပြောပါတယ်။

“ယခင် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ မစ္စတာ ကင်တားနား လူ့အခွင့်အရေး ကိုယ်စားလှယ်ဖြစ်ပြီးတဲ့နောက် မြန်မာနိုင်ငံကို သွားဖို့အတွက် ဗီဇာလျှောက်တဲ့အခါမှာ ၃ လ၊ ၄ လ၊ စောင့်ရတဲ့အထိ ကြာခဲ့တယ်လို့ ကျနော်တို့ သိရပါတယ်။ သို့သော်လည်းပဲ အခု အသစ် ရွေးချယ်တင်မြှောက်လိုက်တဲ့ မစ် Lee ကိုကျတော့ အစိုးရကနေ ကိုယ်တိုင် ဖိတ်ကြားပြီးတော့ ခေါ်တယ်ဆိုတဲ့အချက်က တော်တော် ထူးဆန်းတဲ့အချက် ဖြစ်တယ်လို့ ကျနော် ပထမဆုံး ပြောချင်တယ်။ အဲတော့ ကျနော်တို့ ဒီအစိုးရသစ်လက်ထက်မှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို အထူးတလည် ဖိတ်ကြားပြီးတော့ လုပ်ဆောင်တဲ့ကိစ္စတွေ ရှင်းပြမယ်ဆိုတဲ့အခါမှာ သူတို့ဘက်မှာလည်း အထိုက်အလျောက် ပြင်ဆင်မှုတွေ ကြိုတင်လုပ်ထားပြီးတော့မှသာ ယခုလို ဖိတ်ခေါ်တာလို့ ကျနော်ကတော့ ထင်မြင်ယူဆပါတယ်။”

မေး။ ။ အဲတော့ သူ့အနေနဲ့ရော သူ့အရှေ့ကဆောင်ရွက်သွားတဲ့ မစ္စတာ ကင်တားနားလို တကယ့်ကို ပြင်းပြင်းထန်ထန်နဲ့ ဖြစ်နေတဲ့ အခြေအနေတွေကို ဝေဖန်ပြောဆိုနိုင်မယ့် အနေအထား ရှိမလားပေါ့ ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ။ ။ “ဒီကုလသမဂ္ဂရဲ့ အခုခန့်ထားလိုက်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ်ရဲ့ လုပ်ငန်း အတွေ့အကြုံကလည်း နည်းတယ်လို့တော့ ပြောလို့မရဘူးပေါ့နော်။ သူလည်း တော်တော် အတွေ့အကြုံ ရင့်ကျက်တဲ့ အမျိုးသမီးတဦး ဖြစ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။ ကိုရီးယားနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂနဲ့ဆိုင်တဲ့ လုပ်ငန်းရပ်တွေ လေ့လာတဲ့လုပ်ငန်းမှာ ဦးစီးပြီးတော့ လုပ်ခဲ့တာတွေကိုလည်း ကျနော်တို့ တွေ့ရတော့ သူ့အနေနဲ့ကတော့ ဒီခရီးစဉ်မှာ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် သတင်းအချက်အလက် စုဆောင်းမယ်။ ပထမဆုံးအကြိမ် အခြေအနေတွေကို လေ့လာမယ်။ နောက်ပြီးတော့ တွေ့ရှိတဲ့ တွေ့ရှိချက်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးသင့်တဲ့သူတွေကို ဆွေးနွေးမယ်။ စတာတွေလောက်ပဲ ပထမဆုံးအကြိမ်တော့ လုပ်နိုင်လိမ့်ဦးမယ်လို့ ကျနော်တော့ ထင်မြင်ယူဆမိပါတယ်။”

ဒါပေမဲ့လို့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ အထူးကိုယ်စားလှယ် အသစ်အနေနဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ လိုတယ်လို့ Brad Adams က မြင်ပါတယ်။

“သူ့အနေနဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အလုပ်ကိုပဲ လုပ်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အစိုးရနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ရမယ့် သံတမန်တဦး မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အစိုးရနဲ့ စစ်တပ်ဟာ အဖွဲ့အစည်း အသင်းတခုအနေနဲ့ ရှိနေပြီး ကြိုတင်စီစဉ်ပြီးမှ ကုလသမဂ္ဂနဲ့ ဆက်ဆံတာပါ။ အထူးကိုယ်စားလှယ်အသစ်အနေနဲ့ အများသိထားတဲ့ အခြေအနေတွေကို လေ့လာဦးမယ်ဆိုပြီး အချိန်ကုန်မခံဖို့ လိုပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေ ပိုပြီးဆိုးရွားမသွားရအောင် မြန်မာအစိုးရကို အချိန်တွေ ထပ်ပြီး မပေးသင့်ပါဘူး။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ ပြဿနာဟာ ရိုဟင်ဂျာ အပါအ၀င် မူဆလင်တွေကို တိုက်ခိုက်နေတဲ့ ကိစ္စဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ AHRC အနေနဲ့လည်း မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မစ် Lee ကို အစီရင်ခံ တင်ပြထားတယ်လို့ ဆိုပါတယ်။

“အဲ့ဒါတွေကတော့ Unity သတင်းနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ နောက်တခါ သန္တိသုခကျောင်းတိုက်ကို ၀င်ရောက် စီးနင်းတဲ့ကိစ္စရပ်တွေမှာ ဥပဒေနဲ့မညီဘဲ လုပ်ဆောင်တဲ့ ကိစ္စရပ်တွေ၊ ဒါတွေကို လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် လက်ထဲကိုတော့ ရောက်အောင် ကျနော်တို့ ပို့ဆောင်ထားပြီးသား ဖြစ်ပါတယ်။”

မစ် Yanghee Lee ဟာ မေလတုန်းက မြန်မာနိုင်ငံမှာ ဘာသာကူးပြောင်းမှုဆိုင်ရာ မျိုးစောင့်ဥပဒေကြမ်းထွက်လာတုန်းကလည်း အခြားကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေဖြစ်တဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ လူနည်းစုကိစ္စရပ်များဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့အတူ ဝေဖန်ခဲ့ပါတယ်။ ဒီဥပဒေကြမ်းဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ နိုင်ငံတကာလူ့အဖွဲ့အစည်းမှာ တာဝန်သိတဲ့အဖွဲ့ဝင်အဖြစ်ကနေ သွေဖီရာရောက်တဲ့ အရိပ်လက္ခဏာဖြစ်တယ်လို့ Ms. Yanghee Lee ကပြောဆိုခဲ့ပါတယ်။ သူဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်ထူးဆောင်ဆု အမျိုးမျိုးကို ချီးမြှင့်ခံခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ အရပ်သားတွေကိုပေးတဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင် Suk Ryu ဆုကို ချီးမြှင့်ခံခဲ့ရပါတယ်ရှင်။

XS
SM
MD
LG