သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကိုယ်စားလှယ် ကချင်ဒုက္ခသည်စခန်းသွား


(Photo Credit - Yanghee Lee (leeyh78) on Twitter)
(Photo Credit - Yanghee Lee (leeyh78) on Twitter)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီကနေ့ ဗန်းမော်မြို့က ဒုက္ခသည်စခန်းတွေဆီကို ဆက်လက် သွားရောက်ခဲ့ပြီး ဗန်းမော်အကျဉ်းထောင်မှာ အကျဉ်းသားတဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေသခံတချို့ရဲ့ ငြိမ်းချမ်းရေး လိုလားမှုကို ဖော်ထုတ်တဲ့ ဆန္ဒထုတ်ဖော်မှုနဲ့လည်း တွေ့ဆုံခဲ့ရပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်အပြီးမှာ မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာ မန္တလေးမြို့ကို သွားရောက်ဖို့လည်း ရှိပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုစည်သူက ပြောပြပေးမှာပါ။

ကချင်ပြည်နယ်ကို ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာတော့ ဗန်းမော်မြို့က စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေဆီကို သွားရောက်ခဲ့ပါတယ်။ မနေ့က မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး ဝိုင်းမော်မြို့က ဒုက္ခသည် စခန်းတွေကို သွားခဲ့ပြီးနောက် ဒီနေ့တော့ ဗန်းမော်မြို့ကို ဆက်လက် သွားရောက်ခဲ့ကြောင်း ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။

“မနေ့က မြစ်ကြီးနားမြို့ကို ရောက်ပါတယ်။ ရောက်ပြီးတော့ မြစ်ကြီးနားက ပြည်နယ်အစိုးရနဲ့တွေ့တယ်။ ပြည်နည်ဝန်ကြီးချုပ်နဲ့လည်း တွေ့ပါတယ်။ ပြီးတော့ ဗန်းမော်ကို ဆက်လာပါတယ်။ ဗန်းမော်ကို ဆက်လာတော့ လမ်းမှာ ဝိုင်းမော်ဒုက္ခသည်စခန်း ၂ ခုပေါ့ အဲ့ဒီကို ဝင်ပြီးတော့ ကျနော်တို့ ဗန်းမော်ကို ရောက်နေတာပေါ့။ ဗန်းမော်မှာတော့ ဒီမနက်ကတော့ ဒုက္ခသည်စခန်း ၃ ခုပေါ့နော်။ ဗန်းမော်မှာတော့ ဒီမနက်ကတော့ ဒုက္ခသည်စခန်း ၃ ခုပေါ့နော်။ အဲ့ဒီ AD-2000 ဆိုတဲ့ ဒုက္ခသည်စခန်းရယ်၊ နောက် Robert Church ဆိုတဲ့ ဒုက္ခသည်စခန်းရယ်၊ နောက် ရွှေကြီးနားဒုက္ခသည်စခန်းရယ်၊ အဲ့ဒီ ၃ ခုပေါ့ ရောက်ခဲ့တယ်။ နောက်ပြီးတော့ ဗန်းမော်မြို့က အကျဉ်းထောင် ကျနော်တို့ ရောက်ခဲ့တယ်။ နောက်ပြီးတော့ ကျနော်တို့ ဗန်းမော်မြို့နယ်ပေါ့နော် အုပ်ချုပ်ရေးအဖွဲ့နဲ့တွေ့တယ်။ ဒီ ဗန်းမော်မြို့နယ်အတွင်းပေါ့ အဲ့ဒါနဲ့ပတ်သက်လို့ နည်းနည်းပါးပါး ရှင်းပြတယ်။နောက် ဒီ ဗန်းမော်မြို့နယ်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ တွေ့ပါတယ်။”

လူ့အခွင့်အရေး ကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ ဗန်းမော်မြို့ခရီးစဉ်ထဲ ဗန်းမော် အကျဉ်းထောင်ကိုပါ ရောက်ရှိခဲ့ပါတယ်။ အကျဉ်းသားတဦးနဲ့ တွေ့ဆုံခဲ့တယ်လို့ အကျဉ်းထောင် တာဝန်ကျ အရာရှိက အတည်ပြု ပြောကြားပါတယ်။ အကျဉ်းသား မည်သူမည်ဝါ ဆိုတာကိုတော့ နှစ်ဘက်စလုံးက ပြောဆိုခြင်း မရှိပါဘူး။ အခု မြန်မာပြည် ခရီးစဉ်တလျှောက် မြန်မာပြည်ရဲ့ ပကတိ အခြေအနေတွေကို သိရှိအောင် ကြိုးစားသွားမယ်လို့ Ms. Yanghee Lee က ပြောဆိုကြောင်း ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ဒေသခံတွေရဲ့ တောင်းဆို ဆန္ဒထုတ်ဖော်တာတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ကချင်ဒေသ ငြိမ်းချမ်းစေရေးအတွက် အဓိကထား ရည်ရွယ်တာဖြစ်တယ်လို့ ဦးအေးဝင်းက ပြောပါတယ်။

“လမ်းမှာတော့ ဟိုဒင်းပေါ့ ဖြတ်ကနည်းတော့ ကျနော်တို့ တွေ့လိုက်တယ်ပေါ့။ သေချာကြီးတော့ မဟုတ်ပါဘူး။ ဒီကလူစုတွေပေါ့ သူတို့ ငြိမ်းချမ်းရေး လိုချင်ကြောင်းပေါ့ နည်းနည်းလေးပါ။ လာပြီး ဟိုဘက် ဒီဘက်ပေါ့လေ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဆန္ဒထုတ်ဖော်တာလေးတွေတော့ ကျနော်တို့ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဖြတ်သွားဖြတ်လာဆိုတော့ ကျနော်တို့ သေချာကြီးတော့ မတွေ့လိုက်ပါဘူး။ ဟိုဒင်းအနေနဲ့ပါ သူတို့ဆန္ဒအနေနဲ့ပဲ သူတို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်ကို ဆန္ဒထုတ်ဖော်တဲ့ သဘောပါပဲ။ ဘာမှ အထွေအထူးတော့ မရှိပါဘူး။”

ထာဝရငြိမ်းချမ်းရေး လတ်မှတ်ထိုးနိုင်ရန် ကူညီပေးစေလိုကြောင်း၊ လက်နက်ကိုင်အဖွဲ့များရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ပေးစေလိုကြောင်း စတဲ့ စာသားတွေ ရေးထိုးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ယာဉ်တန်း ဖြတ်သန်းသွားစဉ် ဒေသခံတွေက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Ms. Yanghee Lee ဟာ ဗန်းမော်မြို့ကနေ ဒီကနေ့ ညနေမှာ မြစ်ကြီးနားမြို့ကို ခရီးဆက်မှာဖြစ်ပြီး မနက်ဖြန်မှာတော့ မကြာသေးခင်က ပဋိပက္ခဖြစ်ပွားခဲ့လို့ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မန္တလေးမြို့ကို သွားရောက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ခရီးစဉ်အတွင်း နေပြည်တော်ကို သွားရောက်ပြီးတော့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ဇူလိုင်လ ၁၇ ရက်က စတင်ခဲ့တဲ့ Ms. Yanghee Lee ရဲ့ ခရီးစဉ်တွင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာအပြင် အင်းစိန်ထောင်နဲ့ ရခိုင်ပြည်နယ်တို့ကိုလည်း သွားရောက်ခဲ့ပါသေးတယ်။ ၁၀ ရက်တာခရီးစဉ် အဆုံးသတ်မယ့် ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်း မီဒီယာတွေနဲ့ တွေ့ဆုံသွားမယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG