သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ကျူးလွန်မှုများ ကုလကော်မရှင်ဖွဲ့ စုံစမ်းရေး ထောက်ခံမှုတိုး


စစ်အစိုးရ ကျူးလွန်မှုများ ကုလကော်မရှင်ဖွဲ့ စုံစမ်းရေး ထောက်ခံမှုတိုး
စစ်အစိုးရ ကျူးလွန်မှုများ ကုလကော်မရှင်ဖွဲ့ စုံစမ်းရေး ထောက်ခံမှုတိုး

မြန်မာစစ်အစိုးရက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိမရှိ ကုလသမဂ္ဂ ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ အကြံပြုချက်ကို ဆလိုဗက်ကီးယားနိုင်ငံက ထောက်ခံတဲ့အကြောင်း အင်္ဂါနေ့က ကျင်းပတဲ့ ၁၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုကလည်း ဒီကြေညာချက်ကို ထောက်ခံဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့တဲ့ မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက မြန်မာစစ်အစိုးရကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိမရှိ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းစစ်ဆေးပေးဖို့အတွက် မတ်လထဲမှာ ဂျနီဗာရုံးချုပ် လူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့ပါတယ်။

ဒီအဆိုပြုချက်ကို သြစတြေးလျနိုင်ငံ၊ ချက်သမ္မတနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတွေက ထောက်ခံခဲ့ကြပြီး အခု ၁၄ ကြိမ်မြောက် အစည်းအဝေးမှာတော့ ဆလိုဗက်ကီးယား နိုင်ငံကပါ ထောက်ခံတယ်လို့ ဆလိုဗက်ကီးယား နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ ဖီဒေါ ရိုစိုချာ (Mr. Fedor Rosocha) က ပြောပါတယ်။

“မြန်မာစစ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ အကြီးအကျယ် ချိုးဖောက်ခဲ့တာတွေ စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ် ဖွဲ့စည်းရေးအတွက် ဆလိုဗက်ကီးယား နိုင်ငံက ထောက်ခံပါတယ်။”

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကြာမှ ပထမဆုံး ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး လေးစားမှု ရှိရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ဦးတည်မှုတွေ ဖြစ်ရမယ့်အစား မြန်မာစစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ နိုင်ငံတကာ စံနှုန်းနဲ့ကြည့်ရင် သိပ်ကို နိမ့်ကျနေတာ တွေ့ရပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ နိုင်ငံရေး အမြင်အပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှုတွေ တွေ့နေရတယ်လို့လည်း မစ္စတာ ရိုဆိုချာက ပြောပါတယ်။

ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ်စ် ရီဘက်ကာ စေဂါ (Ms. Rebecca Sagar) ကတော့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေဟာ သိပ်ကို ဆိုးဝါးနေတယ်လို့ ထောက်ပြခဲ့ပါတယ်။

“မြန်မာနိုင်ငံသားတွေ အခုထိ ဆက်ပြီး စိတ်မချမ်းမြေ့စရာ ကောင်းလောက်အောင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာမို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ သိပ်ကို ဆိုးဝါးနေပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေရဲ့ အခြေခံ ရပိုင်ခွင့် ချိုးဖောက်ခံနေရတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်အစိုးရက စနစ်တကျ ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စစ်ဆေးတဲ့ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မတ်လတုန်းက ကောင်စီကို တင်ပြခဲ့ပါတယ်။

“မြန်မာစစ်အစိုးရ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေကို ကြည့်ရင်လည်း လွတ်လပ်မှု၊ တရားမျှတမှု မရှိတဲ့အတွက် ဒီရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်မလာနိုင်ပါဘူး။”

မြန်မာနိုင်ငံရဲ့ ပြဿနာဟာ ရေရှည်ပြဿနာမို့ ဒါကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဖို့ လိုအပ်နေပြီး ပထမဆုံး တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်း အားလုံး ပါဝင်တဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပပေးဖို့ လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချက်ချင်း လွှတ်ပေးဖို့အတွက် ဗြိတိန်နိုင်ငံက ထပ်လောင်း တောင်းဆိုခဲ့ပါတယ်။

ဒေသတွင်းနိုင်ငံ တနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေရဲ့ အခြေအနေတွေကို စိုးရိမ်ကြောင်း တင်ပြခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်ပြီး လွှတ်ပေးဖို့ အစည်းအဝေး တက်ရောက်လာတဲ့ ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ အာကီယို အိစို့မတ်တ (Mr. Akio Isomata) က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ပြီး လွှတ်ပေးဖို့ ဂျပန်အစိုးရက မြန်မာအစိုးရကို ထပ်ပြီး တောင်းဆိုပါတယ်။ ဒါ့အပြင် အခု ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု ရှိစေဖို့နဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ကျင်းပပေးဖို့ ခိုင်မာတဲ့ လုပ်ဆောင်မှုတွေ လုပ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ အခုထိ ဆိုးဝါးနေတာမို့ နိုင်ငံတကာက တတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြဖို့ လိုအပ်နေပြီလို့ အမေရိကန်နိုင်ငံက ယုံကြည်ကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ်စ် အီလိန်း ချိန်ဘာလိန် ဒိုနာဟရူး (Ms. Eileen Chamberlain Donahoe) က ပြောပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာပြီး နိုင်ငံသားတွေ လူ့အခွင့်အရေး သေသေချာချာ ခံစားရစေဖို့အတွက် မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို ထောက်ခံ ပံ့ပိုးပေးဖို့ အမေရိကန်နိုင်ငံက စဉ်းစားနေတယ်လို့လည်း ပြောပါတယ်။

“ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား ထောက်ခံ အကြံပြုထားသလိုပဲ မြန်မာစစ်အစိုးရက နိုင်ငံတကာ လူလူချင်း စာနာမှု အကူအညီပေးရေး ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေး အဆိုကို ထောက်ခံဖို့ အမေရိကန် ပြည်ထောင်စုက စဉ်းစားနေပါတယ်။”

တကယ်လို့ အမေရိကန်နိုင်ငံသာ ပါဝင် ထောက်ခံရင် မြန်မာစစ်အစိုးရ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိမရှိ စုံစမ်း စစ်ဆေးပေးဖို့ ထောက်ခံတဲ့နိုင်ငံဟာ ၅ နိုင်ငံ ရှိလာတော့မှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အထူးစိုးရိမ်ကြောင်း နယူးဇီလန်၊ ဆွီဒင်နဲ့ အိုင်ယာလန်နိုင်ငံတွေသာ မက ကနေဒါနိုင်ငံကလည်း အင်္ဂါနေ့က ကျင်းပတဲ့ ၁၄ ကြိမ်မြောက် အစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG