သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် နောက်ဆုံး မြန်မာ ခရီးစဉ် စတင်


လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံ။ (သတင်း Credit to 88 Generation FB)
လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံ။ (သတင်း Credit to 88 Generation FB)
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ လူ့အခွင့်အရေး အခြေအနေတွေ လေ့လာဖို့ မြန်မာနိုင်ငံကို ဒီကနေ့မှာပဲ ရောက်ရှိလာပြီးတော့ ၈၈ မျိုးဆက်ကျောင်းသားတွေ အပါအဝင် အမျိုးသား လူ့အခွင့်အရေးကော်မရှင် က တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့တာပါ။ မနက်ဖြန်မှာတော့ မစ္စတာ ကင်တားနာဟာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကို သွားရောက်မှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ရုံးက ပြောခွင့်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဖြစ်တဲ့ မစ္စတာ ကင်တားနားရဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံး တရားဝင်ခရီးစဉ်ကို ဒီကနေ့မှာ စတင်ခဲ့ပြီးတော့ သူရဲ့ ပထမဆုံးနေ့ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အပါအဝင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းက တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့၈၈ မျိုးဆက် ကျောင်းသား တွေ နဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး ကာလမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ ပတ်သက်ပြီး မတ်လအတွင်းမှာ တင်ပြမယ့် အစီရင်ခံစာအတွက် အလေးပေးပြီး ဆွေးနွေးခဲ့တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုပြုံးချိုက ဗွီအိုအေကို အခုလို ပြောပါတယ်။

"ကျနော်တို့ကဆွေးနွေးစရာ အရေးအရာကိစ္စတွေက အများကြီးရှိတယ်။ တိုင်းပြည်အပြောင်းအလဲကို ဖော်ဆောင်နေတဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နည်းပါးနိုင်အောင် ပပျောက်သွားနိုင်အောင်အတွက် ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှုတွေ ပြုလုပ်မှာဖြစ်သလို သူ့အနေနဲ့လည်း အစီရင်စာတင်သွင်းမှုမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ထည့်သွင်းဖော်ပြနိုင်အောင်အတွက် ဆွေးနွေးညှိနှိုင်းကြတာရှိပါတယ်"

မေး။ ရခိုင်ပြည်နယ် အရေး ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ်သေးလား ခင်ဗျာ။

"ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူမျိုးရေး ပဋိပက္ခတွေနဲ့ ပါတ်သက်ပြီးတော့ အသွင် ကူးပြောင်းရေးကာလမှာ အဟန့်အတားမဖြစ်အောင် အနှောင့်အယှက် မဖြစ်အောင် ဒီကိစ္စတွေကိုလည်း တပ်နိုင်သလောက် လျှော့ပါးသွားအောင် ထိန်းချုပ်လို့ ရနိုင်အောင် အတွက် ဆောင်ရွက်နိုင်ဖို့ဟာလည်း အရေးကြီးတယ်ဆိုတာကို ပြောဖြစ်ကြပါတယ်"

မေး။ ။ ၈၈ မျိုးဆက်ကျောင်းသားတွေကရော မစ္စတာ ကင်တားနား တင်သွင်းမယ့် အစီရင်ခံစာ အတွက် ဘာတွေများ မြန်မာနိုင်ငံအတွက် တိုက်တွန်းခဲ့သေးလဲ ခင်ဗျ။

"ကျနော်တို့က ဒီလိုပဲ အစီရင်ခံစာတင်သွင်းမှုနဲ့ ပါတ်သက်ပြီးတော့ လေ့လာတွေ့ရှိချက်တွေ ဖော်ဆောင်ကြတဲ့အခါမှာ ကျနော်တို့ရဲ့ တိုက်တွန်းချက်တွေလည်း တင်ပြတာတွေလည်းပဲ ရှိသလို တစ်ဖက်ကလည်းပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပပျောက်သွားအောင် အတွက် ကျနော်တို့အနေနဲ့လည်း အားစိုက်ပြီးတော့ ဆောင်ရွက်နေရဆဲပဲ ရှိနေရဆဲပဲ ဆိုတာကို ပြောချင်ပါတယ်။"

မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ မစ္စတာ ကင်တားနားရဲ့ အခုတစ်ခေါက် ခရီးစဉ်ဟာ တာဝန်အရ သွားတဲ့ နောက်ဆုံးခရီးစဉ် ဖြစ်ပါတယ်။ ဒီခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လက်ရှိအခြေအနေတွေကို သုံးသပ်ဖို့၊ အရင်ခရီးစဉ်တွေတုန်းက အကြံပြုချက်တွေကို တာဝန်ရှိသူတွေဘက်က လိုက်နာခြင်း ရှိ-မရှိ စောင့်ကြည့်ဖို့ဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးစဉ် မစတင်ခင်က မစ္စတာ ကင်တားနား က ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ခရီးစဉ်အတွင်းမှာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်အပြင် မုံရွာကြေးနီတူးဖော်ရေးလုပ်ငန်း၊ သီလဝါရေနက်ဆိပ်ကမ်းတွေဆီ မစ္စတာ ကင်တားနား အနေနဲ့ လေ့လာဖို့ ရှိတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးရဲ့ ပြောခွင့် ရှိသူ ဦးအေးဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် အတွင်းကို သွားရောက်ဖို့ ရှိပြီးတော့ ဘယ်သူတွေ နဲ့ တွေ့ဆုံမယ် ဆိုတာကိုတော့ အတိအကျ မပြောနိုင်ဘူးလို့ ဦးအေးဝင်း က ပြောပါတယ်။

"သွားမယ့်နေရာတွေကတော့ မလာခင်ပေါ့လေ သတင်း ထုတ်ပြန်ချက်တွေမှာ ပါပါတယ်ခင်ဗျ။ အသေးစိတ်ကတော့ ။ ဟုတ်ကဲ့။ မနက်ဖန်ကတော့ ကျနော်တို့ ရခိုင်သွားပါမယ်ခင်ဗျ။ အဲဒါတွေကတော့ အသေးစိတ် မသိသေးပါဘူး။ ဒီနေ့ရောက်ရောက်ခြင်းမှာတော့ ဒီ ကုလသမဂ္ဂအဖွဲ့နဲ့တွေ့တယ်ပေါ့။ မြန်မာ လူ့အခွင့်အရေးကော်မရှင်နဲ့တွေ့တယ်။ ၈၈ကျောင်းသားအုပ်စုနဲ့တွေ့တယ်။ သတင်းမီဒီယာလောကထဲက တစ်ချို့ပုဂ္ဂိလ်တွေနဲ့ တွေ့တာတွေရှိပါတယ်"

ပြီးခဲ့တဲ့ အခေါက် မြန်မာနိုင်ငံကို မစ္စတာ ကင်တားနား လာရောက်ခဲ့ချိန် တုန်းကတော့ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ခဲ့တဲ့ မိတ္ထီလာကို သွားရောက်ခဲ့စဉ်မှာ ကန့်ကွက်ဆန္ဒပြမှုတွေ နဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ရသလို၊ အဲဒီတုန်းက သူရဲ့ ခရီးစဉ် အတွက် မြန်မာအာဏာပိုင်တွေ က လုံခြုံရေး မပေးခဲ့ဘူး ဆိုပြီးတော့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စီးပွားရေးအပြောင်းအလဲတွေက သာမန်ပြည်သူတွေ အတွက် ဘယ်လောက်အထိ အကျိုးရှိသလဲဆိုတာကိုလည်း အခုခရီးစဉ်အတွင်းမှာ လေ့လာသွားမယ်လို့ မစ္စတာ ကင်တားနား က ပြောပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာ အပြည့်အစုံကို လူ့အခွင့်အရေးကောင်စီမှာ မတ်လ ၁၇ ရက်နေ့မှာ တင်သွင်းမှာဖြစ်ပါတယ်။
XS
SM
MD
LG