သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို ရခိုင်လူထု ဆန္ဒပြ


မြန်မာနိုင်ငံကို ဆိုက်ရောက်လာတဲ့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီး။ (ဇန်နဝါရီ ၆၊ ၂၀၁၄)
မြန်မာနိုင်ငံကို ဆိုက်ရောက်လာတဲ့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီး။ (ဇန်နဝါရီ ၆၊ ၂၀၁၄)

ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီး ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေကို သွားရောက်တဲ့ အခါ ရခိုင်လူထု အချို့ရဲ့ ဆန္ဒ ထုတ်ဖော်မှုတွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မစ္စ ယန်ဟီးလီး မလာခင် တစ်ပတ် အလိုကတည်းက ရခိုင်လူထုက ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြု မိန့်တောင်းခဲ့ပြီး အခု ဆန္ဒထုတ်ဖော်သူတွေကို သူတို့ဆန္ဒ အရ ဥပဒေ ဘောင်အတွင်းကပဲ လုပ်ဆောင်ဖို့ ခွင့်ပြု ပေးခဲ့တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ သူ့ရဲ့ ခရီးစဉ်ကို စောင့်ကြည့် သတင်းယူထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

မစ္စ ယန်ဟီးလီး ဟာ ရခိုင်ပြည်နယ် အတွင်းက မူဆလင် လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေလေ့လာဖို့ ရခိုင်ပြည်နယ် စစ်တွေ မြို့ကို သွားရောက်ခဲ့တာပါ။ စစ်တွေ လေယာဉ်ကွင်းမှာပဲ ရခိုင်ပြည်နယ် အတွင်း က အရပ်ဖက် လူမှုအဖွဲ့အစည်းတစ်ချို့က ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ ရှေ့တန်းမတင်ဖို့ သူ့ကို ဆန္ဒ ထုတ်ဖော်ခဲ့တာကို တွေ့ရတယ်လို့ စစ်တွေ မြို့ခံ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ဗွီအိုအေကို ပြောပါတယ်။

“ပြောမယ် ဆိုရင်တော့ မနက် ၇ နာရီလောက်ကနေ အကုန်လုံးက လေယာဉ် အချိန်က ဘယ်အချိန်ရောက်မယ်မှန်း မသိဘူး။ အဲဒီတော့ လာမယ့်အတွက် ဆန္ဒပြဖို့ တစ်ပတ်လောက်ကနေကြို ပြီး စာတင်ကြတာပေါ့။ မနက် ၇ နာရီလောက်ကနေ အကုန်လုံးက စောင့်နေကြတာ။ တောက်လျောက်စောင့်ပြီး ဒီက ဆန္ဒထုတ်ဖော်တဲ့ အဖွဲ့တွေ စောင့်ပြီး သူကို လုပ်ကြတာပဲ”

မစ္စ ရန်ဟီလီး ကို အခုလို ဆန္ဒထုတ်ဖော်ဖို့ လူထုက တောင်းဆိုမှု တွေ ရှိခဲ့တဲ့ အတွက် ဥပဒေဘောင် အတွင်းက လုပ်ဆောင်ဖို့ ခွင့်ပြုပေးခဲ့တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း ကပြောပါတယ်။

“လူထုကတော့ ဒီမိုကရေစီ နိုင်ငံဆိုတော့ တားရတာ ခက်ပါတယ်။ဟုတ်ပြီလား။ ဟိုတုန်းကတော့ တစ်မျိုးပေါ့။ အခုတော့ လူထုရဲ့ ဆန္ဒဆိုတော့ ကျနော်တို့ ဥပဒေဘောင်အတွင်းက ဆောင်ရွက်ရမှာပေါ့လေ။ ဥပဒေဘောင်အတွင်းက ဆန္ဒဖော်ထုတ်ပြီးတော့ ဒါကတော့ သူ့ရဲ့ လွတ်လပ်ခွင့်ပေါ့နော်။ကျနော်တို့ကတော့ အတတ်နိုင်ဆုံး စည်းကမ်းတကျနဲ့ ဖြစ်အောင် ကျနော်တို့ရဲ့ နိုင်ငံကြီးသား ပီသအောင် ကျနော်တို့ကလည်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အတွက် ကမ္ဘာ့ကုလသမဂ္ဂရဲ့ စည်းကမ်းနဲ့ ကိုက်ညီအောင် ကျနော်တို့ စီမံထားပါတယ်။ ဘောင်အတွင်းကပဲပေါ့နော်။”

မစ္စ ရန်ဟီးလီးအနေနဲ့ ရခိုင်ပြည်နယ်အတွင်းကို လွတ်လွတ်လပ်လပ်လေ့လာမှုတွေ လုပ်ခွင့်ပေးထားပြီးတော့ သူ့အနေနဲ့ အစီရင်ခံစာ နှစ်ဖက် အသိုင်းအဝိုင်းအတွက် မျှမျှတတ ရေးဖို့ လိုတယ်လို့လည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။

“ မနက်ဖြန်ကို သူ မြေပုံကို သွားချင်တယ်ပြောတယ်။ ရပါတယ်။ ကျနော်တို့ကတော့ ဘယ်မသွားရ၊ ဘာမသွားရတော့ မရှိပါဘူး။ တစ်ခု ရှိတာကတော့ဗျာ စစ်ဆေးပြီးရင်းတော့ တွေ့ရှိချက်ကို အမှန်အတိုင်းဖြစ်အောင် Fair ဖြစ်အောင်တော့ ရေးဖို့တော့ သင့်တာပေါ့နော်။ တကယ်တကယ်ပြောရရင် ကျနော်တို့ ရခိုင်ပြည်နယ် မှာ လူမှု စီးပွား ဘ၀ နိမ့်ကျတဲ့ အတွက် ဘင်္ဂါလီ IDP တွေထက် နိမ့်တဲ့ ကျေးရွာတွေ အများကြီး ရှိပါတယ်။ ရခိုင်ရွာတွေပေါ့ဗျာ။ အဲဒီရွာတွေတော့ မကြည့်ဘဲနဲ့ ဒီIDP ပဲကြည့်ပြီးတော့ အဲဒါကတော့ ခက်ပါတယ်။ ကျနော်တို့ လိုက်ပြဖို့တော့ စီမံထားပါတယ်။”

မနက်ပိုင်းတုန်းကတော့ မစ္စ ယန်ဟီးလီဟာ ပြည်တွင်း က ထင်ရှားတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ ပြီးတော့ မြန်မာအရေး အကဲဖြတ် အချို့ နဲ့ တွေ့ဆုံခဲ့တာပါ။ မနက်ပိုင်းက တွေ့ဆုံခဲ့တဲ့ အရပ်ဖက် လူမှုအဖွဲ့တွေ နဲ့ မစ္စ ယန်ဟီးလီး ဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကိစ္စ ကို ဦးစားပေးပြီးဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

သူနဲ့ တွေ့ဆုံချိန်မှာ ပါဝင်ခဲ့တဲ့ မြန်မာ့အရေးလေ့လာ အကဲဖြတ် ဒေါက်တာ ရန်မျိုးသိမ်းက တော့ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ ကို အခုလို ပြောပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ဆိုရင် ကော်မရှင် အဖွဲ့ ၈ ယောက်မှာ ၄ ယောက်ဟာ တပ်မတော်က အရာရှိတွေ၊ အငြိမ်းစားတပ်မတော် အရာရှိတွေ ဖြစ်နေတာ တွေ့ ရပါတယ်။ တိုင်းဒေသကြီး နဲ့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်တွေ။ ခရိုင် ရွေးကောက်ပွဲကော်မရှင်တွေ မှာ ရွေးကောက်ပွဲကို ကြီးကြပ်မဲ့ အရာရှိတွေဟာ တပ်မတော် အငြိမ်းစား အရာရှိတွေဖြစ်နေတယ်။ နောက်ပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရဲ့၂၅ ရာခိုင်နှုန်းသော ဝန်ထမ်းတွေဟာ တပ်မတော် အရာရှိ ဟောင်းတွေ ဖြစ်နေ တာကိုတွေ့ ရပါတယ်။ အဲဒီတော့ ကျနော်ကတပ်မတော် အရာရှိဟောင်းတွေ ပါနေတဲ့ ရွေးကောက်ပွဲ ကော်မရှင်တွေကို ပြင်ဆင်ဖွဲ့စည်းခြင်း မရှိဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ကျနော် ဆွေးနွေးခဲ့ပါတယ်။”

မစ္စ ယန်ဟီးလီး နဲ့တွေ့ဆုံခဲ့တဲ့ အရပ်ဖက် အဖွဲ့က ထင်ရှားတဲ့ ခေါင်းဆောင်တွေက ဒီကနေ့ ညနေ ၄ နာရီမှာ သူတို့ ဘာတွေ ဆွေးနွေးဖြစ်ခဲ့တယ်ဆိုတာကို မီဒီယာတွေကို ပြန်လည် အသိပေးတဲ့အနေနဲ့ မြန်မာနိုင်ငံ သတင်းထောက်များ ကွန်ယက် ရုံးမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်လည်း ကျင်းပခဲ့ပါတယ်။

မစ္စ ယန်ဟီးလီးရဲ့ ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် အနေနဲ့ ဇန်နဝါရီ လ ၇ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နေထိုင်မှာ ဖြစ်ပြီး၊ ရခိုင်ပြည်နယ် နဲ့ ရှမ်း ပြည်မြောက်ပိုင်း အခြေအနေတွေ၊ ပြီးတော့ ပြည်တွင်းက လတ်တလောဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ အကဲဖြတ်မှာလည်းဖြစ်ပါတယ်

XS
SM
MD
LG