သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၈ စာနာမှုအကူအညီ ဒေါ်လာ ဘီလျံ ၂၀ ကျော် ကုလတောင်းခံ


ကုလသမဂ္ဂရဲ့ စာနာမှုနဲ့အရေးပေါ် ကယ်ဆယ်ထောက်ပံ့ရေး ညှိနှိုင်းမှုဌာန လက်ထောက်အတွင်းရေးမှူးချုပ် Mark Lowcock
ကုလသမဂ္ဂရဲ့ စာနာမှုနဲ့အရေးပေါ် ကယ်ဆယ်ထောက်ပံ့ရေး ညှိနှိုင်းမှုဌာန လက်ထောက်အတွင်းရေးမှူးချုပ် Mark Lowcock

ကမ္ဘာတလွှား ပဋိပက္ခတွေနဲ့ သဘာဝဘေးဆိုးတွေကြောင့် ဒုက္ခရောက်နေကြရတဲ့ လူပေါင်း ၉၁ သန်းအတွက် ၂၀၁၈ အတွင်း စာနာမှုအထောက်အပံ့ ဒေါ်လာ ၂၂.၅ ဘီလျံ တောင်းခံလိုက်ပါတယ်။ VOA သတင်းထောက် Lisa Schlein Geneva ကပေးပို့တဲ့ သတင်းလွှာကို ကိုဝင်းခန့်မောင် ကပြောပြမှာပါ။

များသထက်များလာနေတဲ့ လူမှုဒုက္ခအရေးပေါ် အခြေအနေတွေ အတွက် ကုလသမဂ္ဂက မေတ္တာရပ်ခံ တောင်းဆိုလိုက်တဲ့ ငွေကြေးပမာဏဟာ ဒီတကြိမ်မှာ အများဆုံး ဖြစ်ပါတယ်။

Mark Lowcock ဟာ ကုလသမဂ္ဂရဲ့ စာနာမှုနဲ့အရေးပေါ် ကယ်ဆယ်ထောက်ပံ့ရေး ညှိနှိုင်းမှုဌာန လက်ထောက်အတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။ အခု တောင်းခံတဲ့ ငွေပမာဏဟာ ကမ္ဘာပေါ်မှာ အကူညီတွေကို အဆိုးရွားဆုံးလိုအပ်နေတဲ့ လူ သန်းပေါင်းများစွာတို့အတွက် စားနပ်ရိက္ခာ၊ နေစရာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ကာကွယ်ရေးနဲ့ အခြား မရှိမဖြစ် လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို နောက်နှစ်အတွင်း ပေးကမ်းထောက်ပံ့နိုင်ဖို့ပဲဖြစ်တယ်လို့ ဆိုပါတယ်။

“၂၀၁၈ ခုနှစ်အတွင်း လူမှုဒုက္ခတွေကို အဓိက ဆက်လက်ဖြစ်ပေါ်လာစေမယ့် အရာတွေကတော့ လူတွေကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေပြီး စားနပ်ရိက္ခာရှားပါးမှုနဲ့ အသက်မွေးဝမ်းကြောင်းမှု ဆုံးရှုံးစေမယ့် ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေပဲ ဖြစ်ပါတယ်။”

အခုတောင်းခံထားတဲ့ငွေကြေးကို တိုင်ဖွန်း၊ ဟာရီကိန်း လေမုန်တိုင်းတွေနဲ့ တခြား သဘာဝဘေးဆိုးတွေရဲ့ ဒုက္ခသည်တွေအတွက်လည်း သုံးစွဲမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် ဒီငွေကြေးပမာဏကို အများဆုံး သုံးစွဲမှာကတော့ ယီမင်၊ ဆီးရီးယားနဲ့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံတို့မှာ ဖြစ်နေတဲ့ ကမ္ဘာ့ အကြီးမားဆုံး ပြဿနာကြီးသုံးခုအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး လူမှု ဒုက္ခ ပြဿနာကြီး ဖြစ်တဲ့ ယီမင်နိုင်ငံရဲ့ အခြေအနေကတော့ သိပ်ကို မရေမရာ ဖြစ်နေတယ်လို့ သူဆိုပါတယ်။ ဒီလိုဖြစ်ရတာဟာ နိုဝင်ဘာလ ၆ ရက်နေ့တုန်းက ဆော်ဒီအာရေဗျ မြို့တော် Riyadh မှာ Houthi သူပုန်တို့က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ကြပြီးတဲ့နောက် ဆော်ဒီက ယီမင်နဲ့ အဆက်အသွယ် ဖြတ်တောက် ထားခဲ့တဲ့အတွက် ဖြစ်ပါတယ်။

“စာနာမှုအထောက်အပံ့တွေ၊ စားသောက်ကုန်တွေ၊ လောင်စာဆီတွေ ယီမင်နိုင်ငံထဲ မရောက်နိုင်အောင် ပိတ်ဆို့ထားမှုတွေကို အပြည့်အဝ ပြန်ရုပ်သိမ်းဖို့ တောင်းဆိုလိုက်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာပေါ်မှာ မကြုံဘူးတဲ့ လူသန်းပေါင်းများစွာ အသက် ဆုံးရှုံးနိုင်မယ့် ကြေကွဲစရာဖြစ်ရပ်ကြီးကို ရှောင်လွှဲနိုင်အောင် ဒီလို ပိတ်ဆို့ထားမှုတွေကို လုံးဝ ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။”

နောင်နှစ်အတွက် လိုအပ်ချက်တွေကတော့ အထူးသဖြင့် နိုင်ဂျီးရီးယားနိုင်ငံ ၊ တောင်ဆူဒန်နိုင်ငံ တို့မှာ မြင့်မားဆဲ မြင့်မားလာနေမှာဖြစ်ပြီး ဘူရွန်ဒီနဲ့ Cameroon နိုင်ငံတွေမှာလည်း စာနာမှုအထောက်အပံ့ဆိုင်ရာ ပြဿနာတွေ ပိုမို ကြီးထွားလာနိုင်တယ်လို့လည်း Lowcock က ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG