သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖော်တွေ အကာအကွယ်ပေးမယ့် သဘောတူညီချက် ကုလချမှတ်


အိမ်ဖော်တွေ အကာအကွယ်ပေးမယ့် သဘောတူညီချက် ကုလချမှတ်
အိမ်ဖော်တွေ အကာအကွယ်ပေးမယ့် သဘောတူညီချက် ကုလချမှတ်

နိုင်ငံတကာ သဘောတူညီချက်အရ ကမ္ဘာတဝန်းမှာရှိတဲ့ အိမ်ဖော်တွေ အနေနဲ့ ပိုကောင်းမွန်တဲ့ လုပ်ငန်းခွင် အခြေအနေကို ရရှိတော့မှာ ဖြစ်ပါတယ်။

ဂျီနီဗာမှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလုပ်သမား ညီလာခံမှာ ကိုယ်စားလှယ်တွေက အိမ်ဖော်အလုပ်မားတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ သဘောတူ စာချုပ်တရပ်ကို ကြာသပတေးနေ့က ချမှတ်နိုင်ခဲ့ကြပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေက လက်ခံခဲ့ရင် တခြား အလုပ်သမားတွေ ရရှိနေကြတဲ့ အခွင့်အရေးအတိုင်း အခြေခံ အခွင့်အရေး တော်တော်များများကို အိမ်ဖော် အလုပ်သမားတွေ ရရှိကြပါလိမ့်မယ်။ ဒီအခွင့်အရေးတွေထဲမှာ အကျိုးသင့် အကြောင်းသင့် အလုပ်ချိန်ရှိဖို့ ပါသလို အနည်းဆုံး ၂၄ နာရီဆက်တိုက် အချိန်ပြည့် အနားပေးဖို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် လုပ်ခကို ပစ္စည်းနဲ့ ပေးတာကိုလည်း အကန့်အသတ် ပြဋ္ဌာန်းထားပါတယ်။

အခုလို ချမှတ်နိုင်တာဟာ အရေးအလွန်ပါတဲ့ ကွေ့ကြီးတကွေ့ကို ဖြတ်သန်းနိုင်တာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး (ILO) ရဲ့ ညွှန်ကြားရေးမှူးချုပ် ဂျူအန် ဆိုမာဗီယာ (Juan Somavia) က ပြောပါတယ်။

ကမ္ဘာတဝန်းမှာ အိမ်ဖော်လုပ်သား ၅၃ သန်း ရှိနေတယ်လို့ ILO က ခန့်မှန်းပါတယ်။ ဒါပေမဲ့ သန်း ၁၀၀ အထိ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ အိမ်ဖော်လုပ်သား ၈၃% ဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ဖြစ်ကြပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တခြားနိုင်ငံက ရွှေ့ပြောင်း နေထိုင်သူတွေလည်း ဖြစ်ကြပါတယ်။

တခြား ကုလသမဂ္ဂ သတင်းတပုဒ်မှာတော့ မစ္စတာ ဘန်ကီမွန်းကို ဒုတိယသက်တမ်းအဖြစ် အတွင်းရေးမှူးချုပ် ဆက်ခန့်ဖို့ လုံခြုံရေးကောင်စီက ထောက်ခံတင်ပြမယ်လို့ မျှော်လင့်ထားကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ လုံခြုံရေးကောင်စီရဲ့ တခြား အဓိက အဖွဲ့ဝင် နိုင်ငံတွေက သူ့ကို ထောက်ခံကြတာမို့ သူ ပြန်အရွေးခံရမှာ သေချာသလောက် ရှိနေပါတယ်။

ဒီအပတ်အတွင်းမှာပဲ လုံခြုံရေးကောင်စီက ထောက်ခံတဲ့ ဆုံးဖြတ်ချက်ကို ချမယ်လို့ မျှော်လင့်ထားပြီး ဇွန်လ ၂၁ ရက်နေ့မှာ အထွေထွေညီလာခံက အတည်ပြုဖို့ မဲပေးကြမှာပါ။ မစ္စတာ ဘန်ကီမွန်းမှာ တခြား ပြိုင်ဘက်လည်း မရှိပါဘူး။

XS
SM
MD
LG