သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၈ နိုင်ငံတကာ အမျိုးသမီးများနေ့ ကုလအတွင်းရေးမှူးချုပ် အမှာစကား


ကုလသမဂ္ဂထိပ်ပိုင်း အမျိုးသမီးခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterrus တွေ့ဆုံဆွေးနွေးစဉ်
ကုလသမဂ္ဂထိပ်ပိုင်း အမျိုးသမီးခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterrus တွေ့ဆုံဆွေးနွေးစဉ်

ကျားမတန်းတူရေးနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ အာဏာရှိတယ်ဆိုတာကို အဓိက ကြည့်လေ့ရှိတာမို့ ကမ္ဘာတဝှမ်း ကျား၊ မတန်းတူရှိရေးအတွက် ကုလသမဂ္ဂကစပြီး အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြင့်အောင်လုပ်ပေးပြီး ကျားမခွဲခြားဆက်ဆံမှု မရှိစေဖို့ အတွက် လုပ်ဆောင်နေပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က မတ်လ ၈ ရက်နေ့ ကျရောက်မယ့် နိုင်ငံတကာ အမျိုးသမီးများနေ့အတွက် အမှာစကား ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

၂၀၁၈ နိုင်ငံတကာအမျိုးသမီးများနေ့ ဆောင်ပုဒ်က - “မြို့ပြနဲ့ ကျေးလက်တက်ကြွလှုပ်ရှားသူတွေက အမျိုးသမီးတွေရဲ့ဘဝကို ပြောင်းလဲပေးကြဖို့ အချိန်ကျပြီ” "Time is Now: Rural and urban activists transforming women's lives" ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလိုကျေးလက်နဲ့ မြို့ပြကစပြီး တနိုင်ငံလုံးအဆင့်အထိ အဲဒီကမှ တဆင့်တက်ပြီး ကမ္ဘာတလွှား အမျိုးသမီးတွေခွဲခြားဆက်ဆံမှု မရှိစေဖို့ ဖန်တီးလာနိုင်မှာ ဖြစ်တဲ့အတွက် ဒီဆောင်ပုဒ်ကို ရွေးချယ်ထားတာပါ။

နိုင်ငံတကာအမျိုးသမီးများနေ့ကို ကုလသမဂ္ဂက အမျိုးသမီးများရဲ့ အခွင့်အရေးနဲ့ နိုင်ငံတကာငြိမ်းချမ်းရေးအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ကုလသမဂ္ဂက သတ်မှတ်ထားတာဖြစ်ပြီး ကုလသမဂ္ဂမှာတင် အမျိုးသားတွေက အမျိုးသမီးတွေထက် ရပိုင်ခွင့် ပိုပြီးသာနေတဲ့အဖြစ် တွေ့နေရတာမို့ ဒါကိုပြောင်းလဲပစ်ဖို့ ကြိုးစားနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterrus က ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ အတွက် အကြိုမိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။

“ကျနော်တို့က အမျိုးသားတွေ ကြီးစိုးတဲ့ ကမ္ဘာကြီးမှာ အသက်ရှင်နေထိုင်နေကြတာပါ။ လူ့ယဉ်ကျေးမှုမှာလည်း အမျိုးသားတွေပဲ ကြီးစိုးနေကြတာပါ။ ဒါကို အစိုးရ ယန္တရားတွေ၊ အုပ်ချုပ်စီမံခန့်ခွဲရေးအပိုင်းတွေ၊ တသီးပုဂ္ဂလ အခန်းကဏ္ဍတွေမှာ ကြုံတွေ့နေရသလို ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေမှာလည်း ကြုံတွေ့နေရတာပါ။ ဒါကြောင့် ကျား၊မ တန်းတူ အခွင့်အရေးရရှိဖို့ ကြိုးပမ်းရာမှာ အဓိကမေးခွန်းက လုပ်ပိုင်ခွင့်အာဏာဘယ်သူ့မှာ ရှိနေသလဲဆိုတာပါပဲ။ ဒါကြောင့် အမျိုးသမီးတွေရဲ့စွမ်းရည် မြှင့်တင်ပေးဖို့က ကျနော်တို့ရဲ့ အရေးကြီးဆုံးရည်မှန်းချက် ဖြစ်ပါတယ်။”

ကုလသမဂ္ဂအုပ်ချုပ်ရေးပိုင်းရဲ့ ထိပ်တန်းအဆင့်ဖြစ်တဲ့ အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ထဲမှာ အခုဆို ကျား၊ မတန်းတူမှု ရှိလာနေပြီ ဖြစ်သလို မကြာခင်မှာပဲ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ဌာနေကိုယ်စားလှယ် အဆင့်အထိ တန်းတူညီမျှမှု ရှိလာတော့မှာ ဖြစ်ကြောင်းလည်းပြောပါတယ်။ ဒီလိုကုလသမဂ္ဂက စတင်ပြောင်းလဲအောင်လုပ်ဆောင်ပြီး ကမ္ဘာတဝှမ်း ကျားမခွဲခြားမှုလျော့ပါးအောင် လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

“ကျနော်တို့ရဲ့ ဦးတည်ချက်ကကုလသမဂ္ဂအဖွဲ့ကြီးတခုလုံးမှာ ကျား၊မ တန်းတူအခွင့်အရေး ရရှိမှုအတွက် ကြိုးပမ်းဖို့ပါပဲ။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေကို တိုက်ဖျက်ရာမှာနဲ့ လုံးဝသည်းခံမှာ မဟုတ်ဘူးဆိုတာ ပေါ်လစီချမှတ်ရာမှာ အထောက်အကူဖြစ်စေမှာပါ။ ဒီနည်းနဲ့ ကုလသမဂ္ဂကြီးမှာ အမျိုးသားရော၊ အမျိုးသမီးရော အတူတကွ တန်းတူ အပြည့်အဝလုပ်ကိုင်ခွင့်ရရှိမှာဖြစ်သလို အဖွဲ့ဝင်နိုင်ငံတွေမှာလည်း အမျိုးသားရော အမျိုးသမီးတွေပါ တန်းတူအခွင့်အရေးရရှိခံစားစေမှာဖြစ်ပါတယ်။”

ကမ္ဘာတလွှားမှာကြည့်ရင် အလုပ်ခွင်မှာ လုပ်ရတဲ့ အလုပ်ချင်းတူပေမယ့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ရာခိုင်နှုန်း ၃၀ ကနေ ၄၀ လောက်အထိ လစာပိုနဲတာကို တွေ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားသလို အမျိုးသမီးတွေဟာ အကြမ်းဖက်မှုရဲ့ သားကောင်တွေ အဖြစ်အခုထိ ခံစားနေရဆဲပဲလို့ ဆိုပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအမျိုးသမီးများနေ့မှာ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်တိုးတက်လာစေဖို့နဲ့ အမျိုးသမီးတွေကို အကာကွယ်ပေးဖို့ အသိတိုးလာအောင် အလေးထားပြီး ပညာပေးမှုတွေ အမျိုးမျိုး လုပ်ဆောင်လေ့ရှိပါတယ်။

မတ်လ ၈ ရက်နေ့မှာ ကမ္ဘာတလွှားက အမျိုးသမီးများနေ့ကို အမျိုးသမီးနိုင်ငံရေးသမားတွေ၊ အမျိုးသမီးစီးပွါးရေးလုပ်ငန်းရှင်တွေလို အမျိုးသမီးအသိုင်းအဝိုင်းခေါင်းဆောင်တွေရဲ့ ဟောပြောမှုတွေနဲ့အတူ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ရှိကြပါတယ်။ ကျောင်းတွေမှာလည်း အမျိုးသမီးတွေရဲ့ ကဏ္ဍ အရေးပါမှုတွေ သြဇာသက်ရောက်မှုတွေကို စကားရည်လုပွဲတို့ ပြပွဲ ပြိုင်ပွဲတွေနဲ့ ကျင်းပကြတာပါ။

အမေရိကန်ပြည်ထောင်စုမှာတော့ နိုင်ငံတကာအမျိုးသမီးနေ့ကို ဝါရှင်တန်ဒီစီက ပြည်သူ့ရင်ပြင်မှာ လာရောက်စုရုံးကြပြီး ဟောပြောပွဲတွေနဲ့ စည်စည်ကားကား ကျင်းပမှာ ဖြစ်ပါတယ်။ ဗြိတိန်က လန်ဒန်မြို့မှာတော့ နိုင်ငံတကာအမျိုးသမီးနေ့အတွက် အခမ်းအနားပေါင်း ၁၅၀ ကျင်းပဖို့ရှိပြီး ဗြိတိန်မှာ အမျိုးသမီးတွေ မဲပေးခွင့်ရတဲ့ နှစ်တရာပြည့်နဲ့လည်းတိုက်ဆိုင်နေတာမို့ အထူးချီတက်ပွဲတွေကို တနင်္ဂနွေနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကတော့ မြန်မာနိုင်ငံတွင်း ဖြစ်ပွါးနေတဲ့ ဖြစ်စဉ်တွေအပေါ် အထူးစိုးရိမ်နေရသလို တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေး ပိုဆိုးလာတဲ့ အဖြစ်ကြုံနေရကြောင်းနဲ့ တိုင်းရင်းသားလူမှုအသိုင်းဝိုင်းကြား ပဋိပက္ခအခြေနေတွေ ဖြစ်အောင် လုပ်ဆောင်နေသူတွေကို နိုင်ငံတော်အစိုးရက အလေးအနက်ထား အရေးယူဆောင်ရွက်ပေးဖို့ ၂၀၁၈ နိုင်ငံတကာအမျိုးသမီးများနေ့မှာ တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG