သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းမှုထိန်းသိမ်းရေးမှာ မြန်မာစစ်ဘက်ပါဖို့ ကုလဖိတ်ခေါ်မှု HRW ဝေဖန်


ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့မှာ မြန်မာစစ်တပ်ကိုပါဝင်ဖို့ ဖိတ်ခေါ်တာဟာ အချိန်အခါမသင့်ဘဲ စောလွန်းသေးတယ်လို့ နိုင်ငံတကာ ထိပ်တန်း လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောလိုက်ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ကလေးစစ်သားကိစ္စနဲ့ တာဝန်ခံမှု တာဝန်ယူမှုရှိဖို့ကိစ္စတွေကို အရင်ဆုံး လုပ်ဆောင်သင့်တယ်လို့လည်း ထောက်ပြပါတယ်။ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ မြန်မာစစ်ဘက် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့မှာ ပါဝင်ဖို့ရာ ကန့်ကွက်မှုနဲ့ ကြုံနေရတာကိုတော့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

Blue Berets အပြာရောင်ဦးထုပ်တွေလို့ မကြာခဏ ရည်ညွှန်းဖော်ပြလေ့ရှိတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့မှာ မြန်မာစစ်တပ်ပါဝင်ဖို့ ဖိတ်ခေါ်တဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) က မကြာသေးခင်က သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောခဲ့တာပါ။

မြန်မာစစ်ဘက်ဟာ ကမ္ဘာပေါ်မှာ နှိပ်စက်ညှဉ်းပန်းမှုအလုပ်ဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်ပြီးတော့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့ဖူးတာကြောင့် လက်ရှိမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ထဲ ပါဝင်ဖို့ အချိန်မကျသေးဘူးလို့ ပြောလိုက်တာကတော့ အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ပဲ ဖြစ်ပါတယ်။
“အဲဒီကမ်းလှမ်းချက်ဟာ အချိန်မတန်ဘဲ စောသေးတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ လက်ရှိ အခြေအနေမှာ မြန်မာစစ်ဘက်ကို ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့အဖြစ် စေလွှတ်ဖို့ ကုလသမဂ္ဂက စဉ်းစားနိုင်ပြီလို့ ကျနော်တို့ မယုံကြည်ပါဘူး။ မေးခွန်းထုတ်ဖွယ် လူ့အခွင့်အရေး နောက်ကြောင်းအခြေအနေတွေ ရှိနေတဲ့လူတွေကို ငြိမ်းချမ်းမှုထိန်းသိမ်းဖို့ မလွှတ်သင့်ပါဘူး။”

HRW အဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ ညွှန်ကြားရေးမှူး ဖိလစ်ပ် ဘိုလိုပယွန် (Philippe Bolopion) က ဗွီအိုအေကို ပြောခဲ့တာပါ။
ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးမှာ အရင်တုန်းက မြန်မာ့တပ်မတော်ပါဝင်ခဲ့ဖူးပြီးတော့ အနာဂတ်မှာ ပါဝင်နိုင်ဖို့ လုပ်ဆောင်နေတဲ့ အကြောင်း ၁၁ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များရဲ့ အလွတ်သဘော ဆွေးနွေးပွဲအပြီး အခြား အာဆီယံ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့အတူ နေပြည်တော်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

“ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကစပြီးတော့ မြန်မာနိုင်ငံကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းတာဝန်နဲ့ ပတ်သက်ပြီးတော့ ဝင်ရောက် ဆောင်ရွက်နိုင်ဖို့ အတွက် ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ ကျနော်တို့လည်း လိုအပ်တဲ့အချိန် ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ခဲ့တာရှိပါတယ်။ လတ်တလောအနေနဲ့ ပါဝင်ဆောင်ရွက်မှု မရှိသေးပေမဲ့လည်း Military Observer --- ဆောင်ရွက်ဖို့ မနှစ်က ကျနော်တို့ လုပ်ခဲ့ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ပြင်ဆင်ခဲ့ရတာရှိပါတယ်။ အနာဂတ်မှာတော့ ကျနော်တို့ အပြည်ပြည်ဆိုင်ရာ တပ်မတော်သားတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ့် အခန်းကဏ္ဍသစ်ကို ရောက်ရှိလာလိမ့်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။ ကျနော်တို့လည်း ဒီလုပ်ငန်း ဆောင်ရွက်နိုင်ဖို့အတွက် အစွမ်းကုန်ပဲ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း ကျနော် ပြောလိုပါတယ်။”
၂ဝ၁ဝ ရွေးကောက်ပွဲကနေ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့တက်လာပြီးတဲ့နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတာကြောင့် နှစ်ပေါင်းများစွာ ဆက်ဆံရေးကျဲတောက်ခဲ့တဲ့ နိုင်ငံတကာအစိုးရတွေ၊ အထူးသဖြင့်တော့ ဗြိတိန်၊ အမေရိကန်စတဲ့ အနောက်နိုင်ငံတွေက ပြန်ပြီး ထိတွေ့ဆက်ဆံလာတာမှာ စစ်ဘက်အချင်းချင်း ဆက်ဆံမှုတွေလည်း အစပျိုး ရှိလာနေတာပါ။
လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြုပြင်ပြောင်းလဲရေးတွေမှာ အပြုသဘောဆောင်တဲ့လက္ခဏာတွေ ရှိခဲ့တယ်ဆိုတာကို HRW က အသိအမှတ်ပြုပါတယ်။ အလားတူပဲ စစ်ဘက်အနေနဲ့လည်း ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူတာလိုမျိုး အဓိပ္ပါယ်ပြည့်ဝတဲ့ အပြောင်းအလဲတွေ လုပ်မယ်မလုပ်ဘူးဆိုတာ စစ်ဘက်ပေါ်မှာပဲ မူတည်တယ်လို့ မစ္စတာဘိုလိုပယွန်က ပြောပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့သူတွေကို အပြစ်ပေးအရေးမယူဘဲ ကင်းလွတ်ခွင့်ပေးထားတဲ့ အခြေခံဥပဒေပါ ပြဌာန်းချက်ဟာ စိတ်ပူစရာတစ်ခုဖြစ်နေတယ်လို့ ထောက်ပြပါတယ်။

ဘယ်လိုအချိန်မျိုးမှာမှ မြန်မာစစ်ဘက်အနေနဲ့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးမှာ ပါဝင်သင့်တယ်ဆိုတာကို အတိအကျပြောဖို့ ခက်ခဲပေ မယ့် အနိမ့်ဆုံးတော့ အခြေအနေနှစ်ခုနဲ့ ကိုက်ညီရမယ်လို့ မစ္စတာဘိုလိုပယွန်က ပြောပါတယ်။

“ကလေးစစ်သား ကိစ္စနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ဆိုတဲ့ အခြေအနေနှစ်ခုဟာ မြန်မာစစ်ဘက်အနေနဲ့ ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ မှာ ပူးပေါင်းပါဝင်ဖို့ အဆင်သင့် ဖြစ် မဖြစ်ဆိုတာကို ကုလသမဂ္ဂအနေနဲ့ အကဲဖြတ်ရမယ့် အဓိကကိစ္စရပ်နှစ်ခုဖြစ်ပါလိမ့်မယ်။”

မြန်မာစစ်တပ်မှာ ကလေးစစ်သားပပျောက်ရေးအတွက် ကုလသမဂ္ဂရဲ့ လုပ်ငန်းစီမံချက်ကို ပြီးခဲ့တဲ့နှစ်ကပဲ မြန်မာအစိုးရက လက်မှတ်ရေးထိုးခဲ့ပြီး စစ်တပ်ထဲက ကလေးစစ်သားတွေကို မိဘအုပ်ထိန်းသူတွေဆီ ပြန်အပ်တာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။
XS
SM
MD
LG