သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဆီးရီးယားအစိုးရနဲ့ အတိုက်အခံကို ကုလဖိတ်ကြား


ဆီးရီးယားနိုင်ငံ Idlib ခရိုင်က စစ်ဘေးရှောင်ပြည်သူများ
ဆီးရီးယားနိုင်ငံ Idlib ခရိုင်က စစ်ဘေးရှောင်ပြည်သူများ

လာမယ့် သီတင်းပတ်ကုန်ကျရင် ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေကို ကုလသမဂ္ဂက ကြီးမှုးပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပပေးမှာ ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ ဆီးရီးယားအထူးသံတမန် Staffan de Mistura က ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
ဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၅ နဲ့ ၂၆ မှာ ကျင်းပဖို့ စီစဉ်ထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာရပ်တွေကို အဓိကထား ဆွေးနွေးဖို့ ရှိတယ်လို့ de Mistura ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အဖွဲ့ ၂ ဖွဲ့စလုံးက ကိုယ်စားလှယ်တွေနဲ့ ဒီအထူးအစည်းအဝေးမှာ တွေ့ဆုံဖို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၂၅၄ ကို အပြည့်အဝ အကောင်ထည်ဖေါ်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်လက်တွေကို ဆွေးနွေးနိုင်အောင် ကိုယ်စားလှယ်တွေ အနေနဲ့ သူနဲ့ သူ့အဖွဲ့ကို Vienna မှာ လူကိုယ်တိုင် လာရောက် တွေ့ဆုံကြလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အဆုံးသတ်စေဖို့ ၂၀၁၅ မှာ ကုလလုံခြုံရေးကောင်စီက ဒီဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားရဲ့ ၆ နှစ်ကြာ စစ်ပွဲအဆုံးသတ်ရေး အဖြေရှာဖို့ ရည်ရွယ်ပြီး ရုရှားမှာ ကျင်းပမယ့် ဆွေးနွေးပွဲမတိုင်ခင် ရက်ပိုင်းအတွင်းမှာပဲ အခုလို တွေ့ဆုံဖို့ စီစဉ်ထားတာပါ။

ကုလ ဆုံးဖြတ်ချက် ၂၂၅၄ ကို အပြည့်အဝ အကောင်ထည်ဖေါ်ရေးနဲ့ ကုလသမဂ္ဂရဲ့ လမ်းစဉ်ကို ပံ့ပိုးနိုင်ဖို့ နိုင်ငံတကာက နိုင်ငံရေးလုပ်ငန်းစဉ် တွေ ချပြကြဖို့ ကုလသမဂ္ဂက လိုလားကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

၂၀၁၁ မှာ စတင်ခဲ့တဲ့ ဆီးရီးယား စစ်ပွဲကြောင့် လူပေါင်း ၃ သိန်းလေးသောင်းကျော် သေဆုံးခဲ့ရသလို သန်းနဲ့ချီပြီး နေအိမ်တွေ စွန့်ခွါ ထွက်ပြေး ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG