သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဒါဖီကို လုံခြုံရေးကောင်စီ အရေးယူရေး ဘန်ကီမွန်း တိုက်တွန်း


လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီပြုတ်ကျရေး ဘန်ဂါဇီမြို့တွင်း ဆန္ဒပြတောင်းဆိုနေကြသည့်လူထု (ဖေဖော်ဝါရီ ၂၅၊ ၂၀၁၁)
လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီပြုတ်ကျရေး ဘန်ဂါဇီမြို့တွင်း ဆန္ဒပြတောင်းဆိုနေကြသည့်လူထု (ဖေဖော်ဝါရီ ၂၅၊ ၂၀၁၁)

လစ်ဗျားပြည်သူတွေရဲ့ ဆန္ဒပြမှုကိုအကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီ (Moammar Gadhafi) ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းပြစ်တင် ရှုတ်ချမှုတွေ တိုးလာနေချိန်မှာပဲ သောကြာနေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီကနေ အရေးယူမှုတွေ သေသေချာချာ လုပ်ဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။

ဗြိတိန်နဲ့ပြင်သစ်ကတောင်းဆိုထားတဲ့ ငွေကြေးပိုင်ဆိုင်မှု ထိန်းချုပ်တာတွေနဲ့အတူ လက်နက်အရောင်းအဝယ် ပိတ်ပင်ဖို့နဲ့ ကဒါဖီမိသားစုရဲ့ ခရီးသွားလာမှုပိတ်ဆို့ဖို့တွေကို ဆုံးဖြတ်ချက် အမြန်ဆုံး ချမှတ်အရေးယူဆောင်ရွက်ဖို့လည်း ပြောကြားခဲ့ပါတယ်။ လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီနဲ့ အရင်းနှီးဆုံး သွေးသောက် တဦးဖြစ်တဲ့ ကုလသမဂ္ဂရုံးချုပ်က လစ်ဗျားသံအမတ်ကြီး Abd al-rahman Shalgham က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ လစ်ဗျားကိုကယ်တင်နိုင်ဖို့အတွက် အဆိုပြုထားတဲ့ အရေးယူ ဆောင်ရွက်ချက်တွေကို အမြန်ဆုံး ချမှတ်ဆောင်ရွက်ပေးဖို့ကိုလည်း လစ်ဗျားပြည်သူတွေကိုယ်စား တောင်းဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ ဂျနီဗာမြို့၊ ကုလသမဂ္ဂဆိုင်ရာ လစ်ဗျားသံတမန်တွေကတော့ သူတို့အားလုံး အလုပ်က နှုတ်ထွက်ပြီး လစ်ဗျားပြည်သူတွေအတွက် အလုပ်အကျွေးပြုဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ကြေညာခဲ့ပါတယ်။ လစ်ဗျားကိုယ်စားလှယ်တွေဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေး ကျင်းပနေချိန်မှာ အခုလို ကြေညာခဲ့တာပါ။

အစောပိုင်းကနှုတ်ထွက်ခဲ့တဲ့ ကုလသမဂ္ဂက လစ်ဗျားဆိုင်ရာ ဒုတိယ သံအမတ်ကလည်း လစ်ဗျားကို လက်နက်တွေ မရောင်းအောင် လုပ်ပေးဖို့အတွက် သောကြာနေ့မှာ အာဖရိကခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီမှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေကို အစိုးရတပ်တွေက သေနတ်နဲ့ပစ်ခတ် နှိမ်နင်းနေချိန်မှာပဲ လစ်ဗျားခေါင်းဆောင် မွမ်မာဂဒါဖီနုတ်ထွက်ဖို့တောင်းဆိုတဲ့ ထောင်နဲ့ချီတဲ့လူထုဟာ သောကြာနေ့က ထပ်ပြီးဆန္ဒပြခဲ့ကြပါတယ်။ ဂဒါဖီကိုဆန့်ကျင်သူတွေ ထိန်းချုပ်ထားပုံပေါ်တဲ့ ဘန်ဂါဇီမြို့ အပါအဝင် မြို့ကြီးတွေမှာ ဆန္ဒပြခဲ့ကြတာပါ။ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအပြီး ထရီပိုလီက ရပ်ကွက် အတော်များများမှာ ဆန္ဒပြဖို့အတွက်ချီတက်လာသူတွေကို ဂဒါဖီရဲ့သစ္စာခံတွေက ပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတွေကို ကိုးကားပြီး သတင်းတွေမှာဖော် ပြကြပါတယ်။

လစ်ဗျားအစိုးရရုပ်သံမှာတော့ ဂဒါဖီက သူ့ကိုထောက်ခံသူတွေကို ထရီပိုလီမှာ မိန့်ခွန်းပြောနေတာကို နေဝင်မိုးချုပ်တဲ့အထိ ပြသခဲ့ပါတယ်။ ဒါဟာ ဆူပူမှုတွေနောက်ပိုင်း တတိယ အကြိမ်မြောက် နိုင်ငံကို မိန့်ခွန်းပြောခဲ့တာဖြစ်ပြီး ထရီပိုလီက အစိမ်းရောင်ရင်ပြင်ကို စီးမြင်နေရာကနေ လူငယ်တွေအနေနဲ့ လစ်ဗျားနိုင်ငံကိုကာကွယ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG