သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ထောင်စုနှစ် မှန်းချက်မီဖို့ နိုင်ငံတကာ အကူအညီလိုအပ်


MDG လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက်တွေကို ပြည့်မီအောင် မြန်မာနိုင်ငံအနေနဲ့ အမျိုးသား ဖွံ့ဖြိုးရေး စီမံကိန်းတွေ ချမှတ်ပြီး ဆောင်ရွက်နေတယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မနေ့က ကုလသမဂ္ဂမှာ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေ အနေနဲ့ ထောင်စုနှစ် ရည်မှန်းချက်တွေကို ပြည့်မီအောင် ဆောင်ရွက်ရာမှာ နိုင်ငံတကာ အထောက်အပံ့တွေနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေဟာ အလွန်တရာ အရေးပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ၃ ရက်ကြာ ပြုလုပ်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ MDG ရည်မှန်းချက်ဆိုင်ရာ ထိပ်သီးညီလာခံအတွင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံဟာ အခြား ကမ္ဘာ့နိုင်ငံတွေလိုပဲ ထောင်စုနှစ် ရည်မှန်းချက်တွေ ပြည့်မီအောင် ဆောင်ရွက်နေတယ်လို့ ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ ပြည်သူတွေ နေထိုင်စားသောက်မှု အဆင့်အတန်း မြင့်မားလာဖို့အတွက် အစိုးရအနေနဲ့ အမျိုးသား ဖွံ့ဖြိုးရေး စီမံကိန်းတွေ ရေးဆွဲပြီး ဆောင်ရွက်နေပါတယ်။ အဲဒီ စီမံကိန်းတွေဟာ MDG ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက်တွေနဲ့ ဆက်နွယ်နေပါတယ်။ အမျိုးသား ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ရည်မှန်းချက်ဟာ အဲဒီ MDG ရည်မှန်းချက်အတိုင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အမျိုးသား စီမံကိန်းတွေဟာ ကျေးလက်ရော မြို့ပြဒေသတွေမှာပါ လူမှုဖွံ့ဖြိုး တိုးတက်မှုတွေ ဟန်ချက်ညီ ဖြစ်လာဖို့ ရည်မှန်းပါတယ်။”

MDG ရည်မှန်းချက်တွေထဲက တခုဖြစ်တဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စမှာလည်း မြန်မာနိုင်ငံဟာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသလို အောင်မြင် တိုးတက်မှုတွေလည်း ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။

“သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ရည်မှန်းပြီး မြန်မာနိုင်ငံ အနေနဲ့ Myanmar agenda 21 ဆိုပြီး စီမံကိန်းချ ဆောင်ရွက်နေပါတယ်။ ဘေးမဲ့သစ်တော ဧရိယာဟာလည်း ၁၉၉၈ ခုနှစ်က ၃၈,၈၀၀ စတုရန်းမိုင် ပတ်လည်ကနေ ၂၀၀၉ ခုနှစ်မှာ ၆၂,၀၀၀ စတုရန်းမိုင်အထိ တိုးချဲ့လာနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းကဆိုရင် ဟူးကောင်းတောင်ကြား ဒေသကို တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဇုန်အဖြစ် သတ်မှတ်လိုက်ပါတယ်။ အဲဒီဒေသဟာ ကမ္ဘာ့အကြီးဆုံး ကျားရိုင်းနဲ့ အခြား တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးဇုန် ဖြစ်လာခဲ့ပါတယ်။”

၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး MDG ရည်မှန်းချက် အတော်များများ ပြည့်မီဖို့အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံတွေအဖို့ နိုင်ငံတကာ အထောက်အပံ့တွေက အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

“ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေး စီမံချက်တွေ အောင်မြင်ဖို့ ကိစ္စမှာ နိုင်ငံတကာ အထောက်အပံ့တွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ဒါကြောင့် MDG ရည်မှန်းချက်တွေ ပြည့်မီဖို့ရာ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေကို ခွဲခြားမှုမရှိဘဲ နိုင်ငံတကာ အကူအညီ အထောက်အပံ့တွေ ပေးဖို့၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ဈေးကွက်ထဲ ဝင်ရောက်နိုင်ဖို့ဟာ အလွန်တရာ အရေးပါလှပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ ကမ္ဘာ့နိုင်ငံစာရင်း Failed State ကျရှုံးနိုင်ငံအဖြစ် သတ်မှတ်ခံရတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေး ဘာသာရပ်ဆိုင်ရာ လေ့လာသူ ဦးဇော်မင်းကတော့ အခု ဝန်ကြီး ဦးဉာဏ်ဝင်း ပြောနေသလို MDG ရည်မှန်းချက်တခုဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးမှာ အမျိုးသား စီမံကိန်းကို ချမှတ် ဆောင်ရွက်တယ် ဆိုတာထက် ပြည်သူအများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်တဲ့ နည်းလမ်းကပဲ အောင်မြင်မှု ရနိုင်မယ်လို့ ယူဆတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်တယ် ဆိုတဲ့နေရာမှာ အမျိုးသား စီမံကိန်းဆိုပြီး ချလုပ်ကတည်းကိုက အမှားဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အမျိုးသား စီမံကိန်းဆိုပြီး အစိုးရကနေ ချမှတ်ပေးရမယ့် ကိစ္စ မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးကို လက်တွဲခေါ်ပြီး သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တိုက်ဖျက်ရတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ အစိုးရကနေ ဆေးကြိမ်လုံးနဲ့ တို့ပြီး ဆင်းရဲမွဲတေမှု လျော့အောင်ဆိုပြီး လုပ်လို့မရပါဘူး။

“အဲတော့ နိုင်ငံရေးအရ၊ လူမှုရေးအရ၊ စီးပွားရေးအရ နိုင်ငံသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မပါဘဲနဲ့ ကျနော်တို့လို ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဆင်းရဲမွဲတေမှုကို လျှော့ချဖို့ဆိုတာ မလွယ်ပါဘူးခင်ဗျ။”

တဘက်မှာ အခုလို MDG ရည်မှန်းချက်တွေ ပြည့်မီဖို့ နိုင်ငံတကာ အကူအညီတွေ လိုအပ်နေတယ်ဆိုတာ လက်ခံပေမဲ့ ဒီအကူအညီတွေ ထိထိရောက်ရောက်ဖြစ်ဖို့ အစိုးရကိုယ်တိုင်က ပြုပြင်ပြောင်းလဲစရာတွေ အများကြီး ကျန်နေသေးတယ်လို့လည်း ဦးဇော်မင်းက ထောက်ပြပါတယ်။

“နံပါတ်တစ်၊ နိုင်ငံတကာ အကူအညီ မလုံလောက်သေးဘူးလို့လည်း မြင်ပါတယ်။ နံပါတ်နှစ်အချက်က အဲဒီလို နိုင်ငံတကာ အကူအညီ အလုံအလောက် မရဘူး ဆိုတာလည်း ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာ အတွင်းမှာ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ ပေါ်လစီတွေ၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ အဲဒါတွေလည်း မူတည်တယ်လို့ ကျနော် မြင်ပါတယ်။

“နောက်တချက်ကလည်း အကယ်၍ တချို့နေရာတွေမှာ နိုင်ငံခြားကနေ ရန်ပုံငွေ ဝင်လာတယ် ထားဦးတော့၊ ဒီငွေတွေကို ဘယ်လိုသုံးစွဲလဲ ဆိုတာကို ပွင့်လင်းမြင်သာတဲ့ စနစ်နဲ့ မကြည့်နိုင်ဘူး၊ မစစ်ဆေးနိုင်ဘူးဆိုရင် ဒါဟာလည်း အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်မှာပါပဲ။”

ဖွံ့ဖြိုးရေး ဘာသာရပ်ဆိုင်ရာ လေ့လာသူ ဦးဇော်မင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အစိုးရရဲ့ စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် ဆိုပြီး နိုင်ငံတကာ အကူအညီတွေ အတော်များများ ရပ်ဆိုင်းခံထားရတဲ့နိုင်ငံ ဖြစ်ပါတယ်။ တဘက်မှာလည်း နိုင်ငံရေးကြောင့် စီးပွားရေးနဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေ ခံထားရပါတယ်။ မြန်မာအစိုးရ အနေနဲ့လည်း မြန်မာနိုင်ငံမှာ အခုလို ဖွံ့ဖြိုးမှု နှေးကွေးတာဟာ စီးပွားရေး ပိတ်ဆို့ခံရတာ၊ အကူအညီတွေ မရတာကြောင့်ဆိုပြီး အမြဲလိုလို ထောက်ပြလေ့ ရှိပါတယ်။

တနေ့က MDG ကိစ္စ ကုလသမဂ္ဂ ထိပ်သီးညီလာခံ အဖွင့်မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ဖွံ့ဖြိုးပြီး နိုင်ငံတွေ၊ ချမ်းသာတဲ့ နိုင်ငံတွေ အနေနဲ့ ကမ္ဘာ့ငွေကြေး အကျပ်အတည်းတွေ ကြုံနေရပေမဲ့ ထောင်စုနှစ် ရည်မှန်းချက်တွေကို ကမ္ဘာအဝန်း ပြည့်မီလာရေးအတွက် ဆင်းရဲတဲ့ နိုင်ငံတွေကို အထောက်အပံ့တွေ၊ အကူအညီတွေ ကတိအတိုင်း ပေးကြဖို့ သတိပေးခဲ့ပါတယ်။

XS
SM
MD
LG