ကမ္ဘာကြီးဟာ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက်တွေကို ပြည့်မီနိုင်ဖို့အတွက် လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီလို့ ကုလသမဂ္ဂ အစီရင်ခံစာအသစ်က ပြောလိုက်ပါတယ်။ အဲဒီရည်မှန်းချက်တွေထဲမှာ လူတွေ ပိုကျန်းမာပြီး ချမ်းသာလာဖို့၊ ပိုပြီး ပညာတတ်အောင် အကူအညီပေးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာပေါ်က အဆင်းရဲဆုံး လူတွေကတော့ နောက်မှာ အများကြီး ပြတ်ကျန်နေခဲ့တယ်လို့ ပြောပါတယ်။
၂၀၁၁ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက် အစီရင်ခံစာမှာတော့ ၁၉၉၀ ခုနှစ်က ကုလသမဂ္ဂ အဖွဲ့ဝင်တွေ ချမှတ်ခဲ့တဲ့ ရည်မှန်းချက်တွေဟာ တိုးတက်မှု ရှိလာတယ်လို့ ဆိုထားပါတယ်။ အဲဒီရည်မှန်းချက်တွေကို ၂၀၁၅ ခုနှစ်မှာ ပြည့်မီနိုင်ဖို့အတွက် ရည်မှန်းထားပါတယ်။
ကမ္ဘာကြီးတခုလုံး အနေနဲ့ ဆင်းရဲမွဲတေမှုနှုန်းကို ၁၅% အောက်အထိ ရောက်အောက် လျှော့ချဖို့ လုပ်နေတဲ့ ကိစ္စဟာလည်း လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ဆိုထားပါတယ်။
ဘူရွန်ဒီ၊ ရ၀မ်ဒါ၊ ဆာမိုအာ၊ တိုဂိုနဲ့ တန်ဇန်းနီးယားတို့လို အဆင်းရဲဆုံး နိုင်ငံတွေထဲက တချို့နိုင်ငံတွေဟာ လူတိုင်း တန်းတူ ပညာသင်ကြားနိုင်ရေး ဖြစ်လာဖို့လည်း နီးကပ်လာနေပြီလို့ ပြောပါတယ်။ အသက် ၅ နှစ်အောက် ကလေးသူငယ်တွေကြား သေဆုံးမှုနှုန်းဟာ ၁၉၉၀ ခုနှစ်မှာ ၁၂.၄ သန်း ရှိရာကနေ ၂၀၀၉ ခုနှစ်မှာ ၈.၁ သန်းအထိ ကျဆင်းခဲ့တယ်လို့ ပြောပါတယ်။