သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ၊ လွှတ်တော်အမတ်တွေနဲ့ ရခိုင်အစိုးရအဖွဲ့ မောင်တောအရေး သွားရောက်စုံစမ်း


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ သွားရောက် စုံစမ်းမေးမြန်းတဲ့ ခရီးစဉ်မှာ အခင်းဖြစ်ပွားခဲ့တဲ့ ရွာသားတွေကို အဖြစ်မှန်မပြောဖို့ အာဏာပိုင်တွေက ပိတ်ပင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အစိုးရသတင်းစာတွေမှာ ဒီကနေ့ ထုတ်ပြန်တဲ့ သတင်းမှာတော့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နိုင်ငံခြားသတင်းဌာတွေက ထုတ်လွှင့်တဲ့သတင်းဟာ မမှန်ကြောင်း ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့က အစိုးရလုံခြုံရေးတပ်ဖွဲ့နဲ့ ရခိုင်ရွာသားတွေက မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ရွာခေါ် မူဆလင်ရွာက အမျိုးသမီးနဲ့ ကလေးတွေကို သတ်ဖြတ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့နောက် ဒီအကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ဝင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲတွေအပါအဝင် OCHA ခေါ် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး၊ UNHCH ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက တာဝန်ရှိသူတွေနဲ့အတူ ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေဟာ အဖြစ်မှန်ကို သိနိုင်ဖို့အတွက် ဒီလ ၂၂ ရက်နေ့က ဒုချီးယားတန်း အလယ်ရွာက လူတွေကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဒီလိုတွေ့ဆုံမေးမြန်းချက်တွေအရ နိုင်ငံခြားသတင်းဌာတွေက ထုတ်လွှင့်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတဲ့သတင်းဟာ လုံး၀ မဟုတ်ကြောင်း ဒီနေ့ထုတ်အစိုးရသတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာက ဒေသခံတယောက်ကတော့ ပြည်နယ်အစိုးရအဖွဲ့က လူတွေ လာရောက် တွေ့ဆုံမေးမြန်းရင် အသေအပျောက် မရှိကြောင်း ဖြေဆိုဖို့ ဒုချီယားတန်းရွာကလူတွေကို ခြိမ်းခြောက်ထားတယ်လို့ ပြောပါတယ်။

“လူကြီးရောက်လာတယ်ဆိုရင် လူသေတာ ပျောက်တာ မဟုတ်ဘူးဆိုပြီး ပြောပါဆိုပြီး မှာထားတာ ရှိတယ်။ အဲလို ပြောမယ်ဆိုရင် ဘယ်သူ ပျောက်တာလဲ၊ ဘယ်သူသေတာလဲ မင်းတို့ အတိအကျ ဒီလို လုပ်ပေးရမယ်လို့၊ လုပ်ပေးလို့ မရဘူးဆိုရင် မင်းတို့ကို ဒဏ်ငွေ တစ်ထောင်ချမယ်လို့ ပြောထားတာရှိတယ်။ အဲဒါကြောင့် ဘယ်သူမှ မပြောရဲဘူး ဖြစ်နေတယ်။”

လောလောဆယ် ဒုချီးရားတန်းအလယ်ရွာက လူတွေဟာ သူတို့နေရပ်ကျေးရွာကို စွန့်ခွာပြီး အခြားရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ သူတို့ထဲက တချို့ကတော့ ဂေါ်ဒူသာရရွာကိုရောက်နေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေသွားရောက်ခဲ့တဲ့ မောင်းတောမြို့နယ် ဂေါ်ဒူသာရရွာက ဒေသခံတယောက်ကလည်း အာဏာပိုင်တွေက ခြိမ်းခြောက်တာတွေ ရှိနေကြောင်းကို အခုလို ပြောပါတယ်။

“မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောတာပေါ့။ ခင်ဗျားတို့က ပြည်နယ်ကလာတဲ့ အချိန်ပဲဖြစ်ဖြစ်၊ ဘယ်အချိန်ပဲဖြစ်ဖြစ် မေးတဲ့မေးခွန်းတွေပေါ်မှာ ကျနော်တို့ လုံခြုံရေးတပ်ရင်းတွေက လူတွေကို မရိုက်ဘူး၊ မနှက်ဘူး၊ မသတ်ဘူး၊ တစ်ယောက်မှလည်း မသေဘူးဆိုတဲ့ဟာ ပြောရမယ်၊ အဲလိုမျိုး ပြောတယ်။ အကယ်၍ ခင်ဗျားတို့က ကျနော်တို့ပြောတဲ့အတိုင်း ကျနော်တို့လုံခြုံရေးတွေက မရိုက်ဘူး၊ လူလည်းမသေဘူးလို့ မပြောရင် ခင်ဗျားတို့ သူတို့ပြန်သွားတဲ့ နောက်ပိုင်း ခင်ဗျားတို့ကို ကျနော်တို့က ထောင်ချအရေးယူမယ် ဘာညာ အဲလိုမျိုး ခြိမ်းခြောက်တဲ့ အပိုင်းတွေ ရှိတယ်။”

ဒီဒေသခံက ပျောက်ဆုံးနေသူတွေဟာ အနည်းဆုံး တထောင်ကျော်ရှိပြီး အသေအပျောက် ရှိမရှိကိုတော့ သေချာကွင်းဆင်းစစ်ဆေးဖို့ လိုအပ်မယ်လို့လည်း ပြောပါတယ်။

“ဒီရွာသားတွေ၊ အခု ထွက်လာတဲ့သူတွေက ပြောပြတာက ပျောက်နေတဲ့ သူတွေက ထောင်ဂဏန်းလောက် ရှိမယ်လို့ ပြောတယ်။ အခုချိန်ထိ ကျနော်တို့ အဲဒီဒေသကို သွားလို့ မရဘူး။ အဲလိုဖြစ်နေတယ်။ ကျနော်တို့ သတ်တယ် မသတ်ဘူး၊ သေသွားတယ်၊ မသေသေးဘူးဆိုလည်း ကွင်းဆင်းပြီးတော့ ကြည့်နိုင်မှပဲ အခြေအနေအမှန်ကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။”

ဗုဒ္ဓဟူးနေ့က စုံစမ်းမေးမြန်းဖို့အတွက် မောင်တောမြို့နယ်က အခင်းဖြစ်ပွားရာ နေရာကို ပြည်နယ်အစိုးရအဖွဲ့နဲ့အတူ လိုက်ပါသွားသူ တဦးကတော့ ဒုချီးရားတန်းရွာကို ရောက်ချိန်မှာ တရွာလုံးပျက်စီးနေကြောင်း၊ ဂေါ်ဒူသာရ ရွာမှာ ဒုချီးရားတန်းရွာက လူတွေနဲ့တွေ့ဆုံစဉ်မှာ အမျိုးသမီးများနဲ့သာ တွေ့ခဲ့ကြကြောင်း၊ အမျိုးသမီးတွေက သူတို့ သားတွေ၊ ခင်ပွန်းသည်တွေ ပျောက်ဆုံးနေ တယ်လို့ ပြောဆိုကြောင်း ပြောပါတယ်။

ဒုချီးယားတန်းရွာမှာ ဖြစ်ပျက်တာနဲ့ပတ်သက်ပြီး မပြောဆိုဖို့ ဒေသခံ အာဏာပိုင်တွေက ပိတ်ပင်ထားတယ်ဆိုတာတော့ သူမသိရကြောင်းနဲ့ ဒီအဖြစ်အပျက်ကို သေချာသိရှိဖို့ဆိုရင် မနေ့က ခရီးစဉ်ထက် ပိုပြီးကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လုပ်အပ်ကြောင်း အဲဒီအမည်မဖော်လိုသူက ပြောပါတယ်။

ဒေသခံရွာသားတွေက ပြောဆိုတာနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ရခိုင်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့ သတင်းနှင့်မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာတော့ ဒီအခင်းဖြစ်ပွားမှုဟာ ဇန်နဝါရီလ ၁၃ရက်နေ့က ကင်းလှည့်သွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို ဒုချီးရားတန်းရွာမှာ ဘင်္ဂလီတွေက အုပ်စုဖွဲ့အကြမ်းဖက် တိုက်ခိုက်တာကြောင့် ရဲတပ်ကြပ်ကြီး တယောက်ဟာ သေနတ်နဲ့ အတူ ပျောက်ဆုံးနေကြောင်း ဖော်ပြထားပါတယ်။

မောင်တောဒေသကို တာဝန်ယူဆောင်ရွက်နေတဲ့ ရဲမှူးချုပ် တင်ကိုကိုကတော့ လူအချို့ကို စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးထားတာရှိကြောင်းနဲ့ စစ်ဆေးပြီး အပြစ်မရှိရင် လွှတ်ပေးမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
XS
SM
MD
LG