သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကောင်စီ မြန်မာအပေါ် ဆုံးဖြတ်ချက်ချ


၃၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေး
၃၇ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေး

ရခိုင်ပြည်နယ်မှာ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အပြင်းအထန် ပြစ်တင်ရှုတ်ချလိုက်ပြီး လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ မတ်လ ၂၃ ရက်နေ့က ဂျီနီဗာမြို့၊ လူ့အခွင့်အရေးကောင်စီမှာလုပ်တဲ့ ၃၇ ကြိမ်မြောက် အစည်းအဝေး မှာချမှတ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ထဲမှာ အဲဒီလို ထည့်သွင်း ဖော်ပြလိုက်တာပါ။

“ခြိမ်းခြောက်နှောက်ယှက်တာတွေ၊ လက်တုံ့ပြန်အရေးယူတာတွေ မရှိဘဲ အထူးစုံစမ်းစစ်ဆေးသူနဲ့ အကန့်အသတ်မဲ့ ပူးပေါင်းဆောင်ရွက်ရေး သေချာအောင်လုပ်ဆောင်ဖို့ မြန်မာအစိုးရကို ဒီဆုံးဖြတ်ချက်က ထပ်ပြီး တောင်းဆို ထားပါတယ်။ အပြည့်အဝတာဝန်ခံမှုရှိစေရေး ပထမအဆင့်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေကို ထုတ်ဖော် ပြောဆို ခွင့်ပြုရပါမယ်၊ သူတို့ရဲ့ ပြောဆိုချက်တွေကို စနစ်တကျ စုဆောင်းရယူ၊ မှတ်တမ်းတင်၊ စုံစမ်းစစ်ဆေး၊ အထောက်အထားပြုစုပြီး စုပေါင်းထားရပါမယ်။ ဒါမှသာ ရာဇဝတ်ကြောင်းဆိုင်ရာ နောက်ထပ် လုပ်ဆောင်မှုတွေအတွက် အခြေခံအကြောင်းအချက်တွေ အဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။” လို့ ဥရောပသမဂ္ဂ EU ကိုယ်စား ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းတဲ့ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ဘူလ်ဂေးရီးယားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Ms. Deyana Kostadinova က ပြောသွား ပါတယ်။

မြန်မာနိုင်ငံဘက်က တုံ့ပြန် ပြောဆိုတာမှာတော့ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြု ကြိုဆိုကြောင်း ဆုံးဖြတ်ချက်မူကြမ်းရဲ့ စာပိုဒ်တချို့မှာ ဖော်ပြထားတာ တွေ့ရပေမဲ့ မြန်မာနိုင်ငံအရေးကို လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်၊ အဲဒီက နေ နိုင်ငံတကာရာဇဝတ်တရားခုံရုံး ICC အထိတင်ဖို့ ဖော်ပြထားတာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို ခြိမ်းခြောက်ချက်တခုဖြစ်တာကြောင့် လက်မခံနိုင်တဲ့အကြောင်း ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးထင်လင်းက ပြောပါတယ်။

“ပိုပြီးအရေးကြီးတာကတော့ တနိုင်ငံချင်းစီအတွက် ချမှတ်တဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို မြန်မာနိုင်ငံက ကန့်ကွက်ပါတယ်။ ဒီနောက်ခံအခြေအနေအရ ဆုံးဖြတ်ချက်အမှတ် L.43 ကို မြန်မာနိုင်ငံအနေနဲ့ လက်မခံနိုင်ပါဘူး။ ဒီဆုံးဖြတ် ချက်မူကြမ်းကို ကျနော်တို့အနေနဲ့ အခိုင်အမာ ပယ်ချပါတယ်။”

ပါမောက္ခ Yanghee-Lee ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူအဖြစ် ခန့်ထားတာကိုလည်း နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်ပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင် ၃၂ နိုင်ငံက ထောက်ခံပြီး တရုတ်၊ ဖိလစ်ပိုင်၊ ကျူးဘား၊ ဗင်နီဇွဲလားနဲ့ ဘူရွန်ဒီနိုင်ငံတွေက ကန့်ကွက်မဲပေးပါတယ်။ ဂျပန်၊ နီပေါလ်နဲ့ တောင်အာဖရိကအပါအဝင် ၁၀ နိုင်ငံကတော့ မဲမပေး ကြားနေခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG