သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြစ်မှု စုံစမ်းရေး ပြင်သစ်ထောက်ခံ


မြန်မာပြစ်မှု စုံစမ်းရေး ပြင်သစ်ထောက်ခံ
မြန်မာပြစ်မှု စုံစမ်းရေး ပြင်သစ်ထောက်ခံ

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှု၊ စစ်ရာဇဝတ်မှု မြောက်မမြောက် ကုလသမဂ္ဂက ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းမှုတွေ လုပ်ဖို့ တိုက်တွန်းနေရာမှာ ပြင်သစ်နိုင်ငံလည်း ပါဝင်လာပါတယ်။

ဒါပေမဲ့လည်း ပြင်သစ်နိုင်ငံသာမက ဥရောပသမဂ္ဂ (EU) အနေနဲ့ပါ အားပေးထောက်ခံသွားဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းလိုက်ကြတာပါ။

EU ရဲ့ တညီတညွတ်တည်း ရပ်တည်ချက်ဟာ ကျန် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကို အလားတူ ဆောင်ရွက်ကြဖို့ ခိုင်မာတဲ့ သတင်းစကား ပေးပို့ရာ ရောက်စေမယ်လို့ ဗုဒ္ဓဟူးနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch)၊ ပြင်သစ် လူ့အခွင့်အရေး အဖွဲ့ချုပ်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ချုပ် (FIDH) တို့က ဝိုင်းဝန်း တိုက်တွန်းလိုက်ကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းဖို့ ပြီးခဲ့တဲ့ မတ်လက အစီရင်ခံစာ တင်သွင်းရာမှာ အကြံပြုခဲ့တဲ့နောက် အခုလို နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်း တိုက်တွန်းမှုတွေ ထွက်ပေါ်လာတာပါ။

ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၁၅ ကြိမ်မြောက် ညီလာခံအတွင်း ပြင်သစ်နိုင်ငံ ကိုယ်စားလှယ်ကလည်း ဒီအဆိုပြုချက်ကို ထောက်ခံကြောင်းနဲ့ မြန်မာအစိုးရက ဒီအစီအစဉ်ကို အပြည့်အ၀ ပူးပေါင်းဖို့လည်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်လာတဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကတော့ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက်နဲ့အညီ ဖြစ်အောင် ကြိုးပမ်းနေတယ်လို့ ပြောဆိုခဲ့တာပါ။ ဒီအတွက် နိုင်ငံတကာ အကူအညီတွေ လိုအပ်တယ်လို့လည်း အင်္ဂါနေ့တုန်းကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG