သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ ပြုပြင်ရေးဆန္ဒ မတွေ့ရသေး


မြန်မာအစိုးရ ပြုပြင်ရေးဆန္ဒ မတွေ့ရသေး
မြန်မာအစိုးရ ပြုပြင်ရေးဆန္ဒ မတွေ့ရသေး

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂ အနေနဲ့ ဆက်လက်ပံ့ပိုး ကူညီသွားဖို့ ပိုင်းဖြတ်ထားပေမဲ့ အစိုးရသစ် အနေနဲ့ သိသာထင်ရှားတဲ့ လုပ်ရပ်တွေ ပြသဖို့ လိုတဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောဆိုလိုက်ပါတယ်။

မြန်မာအစိုးရရဲ့ အကြီးအကဲ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် လိုအပ်ချက်တွေ ရှိနေတာကို အသိအမှတ်ပြု ပြောဆိုထားပေမဲ့ နိုင်ငံရေးဆန္ဒ တကယ်ရှိမရှိ ဆိုတာတွေ မြင်တွေ့နိုင်တဲ့ ပိုင်းဖြတ်ချက်တွေ၊ ကတိတွေကို အကောင်အထည် ဖော်တာတွေကိုတော့ မတွေ့ရသေးဘူးလို့ ပြောဆိုလိုက်တာပါ။

မြန်မာ့မိတ်ဆွေများ အဖွဲ့နဲ့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ တွေ့ဆုံအပြီး အစိုးရသစ် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို အလေးထား ထောက်ပြရင်း အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့ကပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆယ်စုနှစ်နဲ့ချီပြီး တိုင်းပြည်မှာ အမြစ်တွယ်နေတဲ့ လူ့အခွင့်အရေး၊ နိုင်ငံရေး၊ လူမှုရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ပြဿနာတွေကို အစိုးရသစ် အနေနဲ့ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်တာပါ။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ဒီလို စိန်ခေါ်မှုတွေကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ဖို့ ကုလသမဂ္ဂက ဆန္ဒရှိတဲ့ အကြောင်းလည်း ကြေညာချက်ထဲမှာ ဖော်ပြခဲ့တာပါ။

အစိုးရသစ် တက်လာပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် မေလထဲမှာတုန်းက ၃ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေနဲ့ပါ တွေ့ဆုံခဲ့တဲ့ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ကလည်း သူ့အတွေ့အကြုံကို ဗုဒ္ဓဟူးနေ့မှာ အတွင်းရေးမှူးချုပ်နဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံတွေက ကိုယ်စားလှယ်တွေကို အစီရင်ခံခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG