သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေး လက်တွေ့ ဖော်ဆောင်ဖို့ မြန်မာအစိုးရကို ကုလ တိုက်တွန်း


ပြုပြင်ပြောင်းလဲရေး လက်တွေ့ ဖော်ဆောင်ဖို့ မြန်မာအစိုးရကို ကုလ တိုက်တွန်း
ပြုပြင်ပြောင်းလဲရေး လက်တွေ့ ဖော်ဆောင်ဖို့ မြန်မာအစိုးရကို ကုလ တိုက်တွန်း

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း အစိုးရ အပြောင်းအလဲ ဖြစ်လာတာဟာ နိုင်ငံအတွင်း ပိုပြီးပြည့်စုံတဲ့ အမျိုးသားရေးဆိုင်ရာ ပြောဆို ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာဖို့ အခွင့်အလမ်းတွေ ဖန်တီးလိုက်သလို ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ အပြောင်းအလဲတွေ တကယ်ပဲ ဖြစ်လာမလားဆိုတဲ့ ကိစ္စကတော့ ပြောဖို့ သိပ်စောနေသေးတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က ပြောလိုက်ပါတယ်။

မကြာမီ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်သွင်းမယ့် မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ အခုလို ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့နှစ်က မြန်မာပြည်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ချို့ယွင်းချက်တွေ ရှိခဲ့ပြီး ပါဝင်ခဲ့ကြသူ တော်တော်များများကလည်း စိတ်ပျက်ခဲ့ကြတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်မှာ စစ်တပ်က ကြီးစိုး ချုပ်ကိုင်လာခဲ့တာ နှစ်ပေါင်း ၅၀ လောက် အကြာမှာ တရားဝင် နိုင်ငံရေး လှုပ်ရှားမှုတွေ ပြန်ပြီး စတင်ခွင့်တော့ ရလာခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်က အပြောင်းအလဲတွေ လုပ်မယ်လို့ ကတိပေး ပြောဆိုနေတာတွေကို မစ္စတာ ဘန်ကီမွန်းက ကြိုဆိုပါတယ်။ ဒါပေမဲ့လည်း အပြောင်းအလဲတွေအတွက် အချိန်မီ တကယ်ပဲ အကောင်အထည် ဖော်မလားဆိုတဲ့ ကိစ္စကတော့ ပြောတဲ့အတိုင်း လုပ်မလုပ် တကယ်စမ်းသပ်တဲ့ ပွဲပဲလို့လည်း ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားရာက ပြန်လွှတ်ပေးတဲ့ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လုပ်နိုင်စွမ်းနဲ့ လူထုအတွင်း ဆောင်ရွက်မှုတွေ လုပ်လာနေတဲ့ အကြောင်းကိုလည်း မစ္စတာ ဘန်ကီမွန်းက အစီရင်ခံစာထဲမှာ ထည့်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သွားလာပိုင်ခွင့်အပေါ် ထိန်းချုပ်တာတွေ လုပ်မှာကိုတော့ အထူးပဲ စိုးရိမ်ရတယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက သတိပေးပြောဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးထားတာကိုတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အကြီးအကျယ် စိုးရိမ်နေတယ်လို့ ပြောပါတယ်။ သူတို့ကို ဆက်ပြီး ဖမ်းဆီးထားတာဟာ အစိုးရသစ်ရဲ့ ကြိုးပမ်းမှုတွေကို တခြားနိုင်ငံတွေက ယုံကြည်မှု ရနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ တကယ်လုပ် မလုပ် ဆိုတာကိုတော့ စောင့်ကြည့်သွားရမယ်၊ ပြောင်းလဲမှုတွေ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရေး အကူအညီပေးဖို့ သူ့အနေနဲ့ အဆင်သင့်ပဲလို့ မစ္စတာ ဘန်ကီမွန်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG