သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အထူးအကြံပေး မြန်မာ့အိမ်နီးချင်းများနှင့် ဆွေးနွေး


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ ဗီဂျေး နမ်ဘီယာ (Vijay Nambiar) ဟာ မြန်မာ့နိုင်ငံရေးကိစ္စ ဆွေးနွေးအဖြေရှာဖို့ အခု အာရှဒေသတွင်းကို ရောက်ရှိနေပါတယ်။ ဒါဟာ သူ့ရဲ့ ပထမဆုံး မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ခရီးစဉ် ဖြစ်တာမို့ မြန်မာနိုင်ငံကိစ္စ ဒေသတွင်းနိုင်ငံတွေရဲ့ အမြင်သဘောထားကို တီးခေါက်စုံစမ်းဖို့ ဖြစ်မယ်လို့ ယူဆရပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မစ္စတာ ဗီဂျေး နမ်ဘီယာဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တာဝန်နဲ့ ဒါ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။ လတ်တလောတော့ စင်ကာပူနိုင်ငံမှာ ရောက်ရှိနေပြီး စင်ကာပူ အာဏာပိုင်တွေနဲ့ မြန်မာ့အရေးကိစ္စ ဆွေးနွေးပြောဆိုဖို့ ရှိတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ မစ္စတာ နမ်ဘီယာဟာ စင်ကာပူမတိုင်ခင်တော့ အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့ပြီး အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးနဲ့ အခြားအရာရှိတွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ အသေးစိတ်ကိုတော့ ပြောဆိုတာ မရှိပါဘူး။ လာမယ့် သောကြာနေ့မှာတော့ တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို ဒီတခေါက် လာရောက်မယ်ဆိုတဲ့ အစီအစဉ် ခုချိန်ထိတော့ မကြာသေးဘူးလို့ ရန်ကုန်က ကုလသမဂ္ဂ ပြန်ကြားရေးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါကြောင့် ဒီခရီးစဉ်ဟာ မြန်မာ့အိမ်နီးချင်း အာရှနိုင်ငံတွေရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားကို လာရောက် တီးခေါက်တာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ အထူးသဖြင့်တော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ လာမယ့် ရွေးကောက်ပွဲကိစ္စလို့ ယူဆကြပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ တီကူး ဖိုင်ဆာရှားကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒကို ပြောခွင့်ဆိုခွင့်၊ စောင့်ကြည့်ခွင့် မြန်မာစစ်အစိုးရဘက်က လမ်းဖွင့်ပေးဖို့ လိုမယ်လို့ ပြောပါတယ်။

“အခု ရွေးကောက်ပွဲဟာ ပြောစရာမရှိ ပြည့်စုံတဲ့ ရွေးကောက်ပွဲလို့တော့ အင်ဒိုနီးရှားနိုင်ငံက မမြင်ပါဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ပြန်လည်ပြင်ဆင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ စောင့်ကြည့်နေပါတယ်။ ဒီရွေးကောက်ပွဲမှာ အားလုံး ပါဝင်ပတ်သက်နိုင်ရေးနဲ့ နိုင်ငံတကာကလည်း ဒီရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်နိုင်မယ့်လမ်း စစ်အစိုးရက ဖွင့်ပေးလိမ့်မယ်လို့ ယူဆပါတယ်။”

အနည်းဆုံးတော့ အာဆီယံ တိုင်းပြည်တွေ အနေနဲ့ ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ရွေးကောက်ပွဲ အဖြစ်အပျက်ကို လေ့လာစောင့်ကြည့်ခွင့်ရဖို့ လိုမယ်လို့ မစ္စတာ တီကူး ဖိုင်ဆာရှားက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ အခုလို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေသတွင်းနိုင်ငံကို လာရောက် ဆွေးနွေးတာကြောင့် ဒီနိုင်ငံတွေ အနေနဲ့ ရွေးကောက်ပွဲဖြစ်စဉ်ကို ပိုပြီးတော့ ထဲထဲဝင်ဝင် လေ့လာနိုင်မယ်လို့ ယူဆတဲ့အကြောင်း ပြောပါတယ်။

“အာရှနိုင်ငံတွေက ပြည်တွင်းရေး ဝင်မစွက်ရေး၊ ရွေးကောက်ပွဲ Process ဘာညာဆိုတာ သူတို့က အသံကုန်ပြောနေတာ။ တကယ့် မြန်မာနိုင်ငံရဲ့ အခြေအနေကို တကယ်သိအောင် ကြိုးစားပြီး ပြောတာမျိုး မဟုတ်ဘူးလို့ ကျနော် အဲဒီလို နားလည်တယ်။ အခုလို အဲဒီသံတမန်ကြီးက သွားရောက် တွေ့ဆုံ ပြောကြားရင်တော့ သူတို့ အလေးအနက် ရှိလာမယ်လို့ အဲဒီလို မျှော်လင့်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တွေ အနေနဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆိုပြီး အထူးအကြံပေး အရာရှိတွေ ခန့်အပ် ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ကြိုးပမ်းချက်နဲ့ ပတ်သက်လို့ ယနေ့အချိန်အထိ ရလဒ်မထွက်တာကြောင့် ဝေဖန်မှုတွေလည်း ခံရပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ကတော့ ဒီပြဿနာတွေမှာ အောင်မြင်မှု၊ မအောင်မြင်မှုဟာ မြန်မာအစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှုအပေါ် တည်တယ်လို့ မြင်ပါတယ်။

“ကုလသမဂ္ဂလို အဖွဲ့အစည်းက မြန်မာ့နိုင်ငံရေး ဝင်ရောက် ဆောင်ရွက်တာကို အမြဲတမ်း ကြိုဆိုတယ်ဗျ။ အောင်မြင်တယ်၊ မအောင်မြင်ဘူး ဆိုတာလည်း ကြိုးစားတဲ့လူ တဘက်တည်းနဲ့လည်း မပြီးဘူးလေ။ အားလုံးပါဝင်ရမှာ။ ကျနော်တို့က အဲဒါကြောင့် အဲဒီအဖွဲ့အစည်းမျိုးက ဆောင်ရွက်တာတွေကိုတော့ အမြဲတမ်း ကြိုဆိုပါတယ်။”

ကုလသမဂ္ဂ အတွင်းမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) အနေနဲ့ကတော့ လာမယ့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာဖို့၊ အများလက်ခံ ယုံကြည်ဖို့ဆိုရင် အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံသားတိုင်းဟာ ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပါဝင်နိုင်ဖို့ လိုတယ်လို့ ပြောထားတာပါ။ ဒါပေမဲ့ မြန်မာအစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေအရဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပေးမထားပါဘူး။ ဒီအတွက်ကြောင့် အားလုံးပါဝင်နိုင်မှုကို ကန့်သတ်ထားတဲ့ ဒီရွေးကောက်ပွဲ ဥပဒေအပေါ်မှာ စိုးရိမ်မိတယ်လို့ မစ္စတာ ဘန်ကီမွန်းက ဒီနှစ်ဆန်းပိုင်းက ပြောခဲ့ပါတယ်။

အခု မစ္စတာ နမ်ဘီယာ မတိုင်ခင်ကတော့ မစ္စတာ အီဘရာဟင်မ် ဂန်ဘာရီ (Mr. Ibrahim Gambari) ဟာ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၀၉ ဒီဇင်ဘာလအထိ တာဝန်ယူခဲ့ပါတယ်။ မစ္စတာ နမ်ဘီယာဟာ အိန္ဒိယနိုင်ငံသား ဖြစ်ပြီးတော့ ၂၀၀၇ ခုနှစ် ဇန်နဝါရီလကတည်းက မစ္စတာ ဘန်ကီမွန်း အတွင်းရေးမှူးချုပ်ရုံးရဲ့ အကြီးအကဲတာဝန် ပေးအပ်ခံခဲ့ရပါတယ်။ ယခင် အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် (Kofi Annan) လက်ထက်မှာလည်း ကုလသမဂ္ဂရဲ့ လက်ထောက် အတွင်းရေးမှူးချုပ် တာဝန် ယူခဲ့ဖူးပါတယ်။ ဒီမတိုင်ခင်ကတော့ အိန္ဒိယနိုင်ငံ အစိုးရရဲ့ အမျိုးသား လုံခြုံရေးကောင်စီမှာ အကြီးအကဲတာဝန် ယူခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံခြားရေးဌာနမှာ သံအမတ်ကြီး တာဝန်တွေ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

XS
SM
MD
LG