သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း ဒုတိယသက်တမ်း မြန်မာ့အရေး ပိုမိုကြိုးပမ်းဖို့လို


ဘန်ကီမွန်း ဒုတိယသက်တမ်း မြန်မာ့အရေး ပိုမိုကြိုးပမ်းဖို့လို
ဘန်ကီမွန်း ဒုတိယသက်တမ်း မြန်မာ့အရေး ပိုမိုကြိုးပမ်းဖို့လို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) ကို အတွင်းရေးမှူးချုပ် ဒုတိယသက်တမ်း ဆက်ပြီး တာဝန်ယူဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက မနေ့က ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အခုလို ဒုတိယသက်တမ်း ဆက်တာဝန်ယူဖို့ ခန့်အပ်ခံရတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ကိုယ်စွမ်းရှိသလောက် ကူညီ ဆောင်ရွက်ပေမဲ့ လုပ်ပိုင်ခွင့် အားနည်းမှုကြောင့် ထိထိရောက်ရောက် မရှိခဲ့ဘူးလို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက မြင်ပါတယ်။ ဒါပေမဲ့လည်း လာမယ့်သက်တမ်း အတွင်းမှာ သူဟာ မြန်မာ့အရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်သွားလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီအမြင်တွေကိုတော့ ကိုသားညွန့်ဦးက စုစည်း တင်ပြထားပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ ပြီးခဲ့တဲ့သက်တမ်း အတွင်းမှာတော့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၊ လက်နက်ပြိုင်ဆိုင် တပ်ဆင်မှု လျှော့ချရေး၊ ကျားမ တန်းတူရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကိစ္စတွေကို ဦးစားပေးအဖြစ် ဆောင်ရွက်ခဲ့ပေမဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မပြတ်မသား ပြောဆိုသူအဖြစ် ဝေဖန်တာတွေ ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံအရေး ကိုင်တွယ်ရာမှာလည်း အလားတူပါ၊ ပျော့ညံ့လွန်းတယ်ဆိုပြီး တက်ကြွလှုပ်ရှားသူ အချို့က ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လုပ်ပိုင်ခွင့် အကန့်အသတ်တွေ ဖြစ်နေတာကြောင့် မြန်မာ့အရေး ဆောင်ရွက်မှုမှာ မအောင်မမြင် ဖြစ်ခဲ့ရတာလို့ မြင်ပါတယ်။

“မစ္စတာ ဘန်ကီမွန်းကြောင့် မဟုတ်ဘူး။ သူ့အနေနဲ့တော့ ဆောင်ရွက်သင့်တာ၊ ကြိုးစားသင့်တာတွေကို အစွမ်းကုန် ကြိုးစားတယ်လို့ ကျနော်တော့ အဲဒီလိုပဲ သဘောပေါက်ပါတယ်။ သူလုပ်တာတွေကိုတော့ ကျနော်တို့ ကြိုဆို လက်ခံနိုင်ပါတယ်။”

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်ကတော့ မစ္စတာဘန် အနေနဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် တိုက်တွန်းချက်တွေကို မြန်မာ အာဏာပိုင်တွေဘက်က လိုက်နာလာအောင် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဝေဖန်ပါတယ်။

“ဘန်ကီမွန်းရဲ့ ကိုယ်စားလှယ်တွေ အခေါက်ခေါက် အခါခါ လာပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လည်းကောင်း၊ အခြားသော ကိစ္စတွေအတွက်သော် လည်းကောင်း ကြိုးပမ်း ဆောင်ရွက်ခဲ့တာတော့ ရှိပါတယ်။ ဒါပေမဲ့ ထိထိရောက်ရောက် ပြောနိုင်လောက်အောင် အောင်မြင်တာကတော့ ကျနော်တို့ အနေနဲ့ မတွေ့ရပါဘူး။ အထွေထွေ ညီလာခံက နေပြီးတော့ ဆုံးဖြတ်ချက်တွေ၊ တိုက်တွန်းချက်တွေ စသည်အားဖြင့် လုပ်နေရုံနဲ့တော့ မဖြစ်ဘူးပေါ့။ ဒီထက် တပ်မတော်အစိုးရကို တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ဖို့ လိုတာတွေကတော့ အမှန်ပါပဲ။”

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကတော့ မစ္စတာ ဘန်ကီမွန်းဟာ မပြတ်မသားလုပ်တယ် ဆိုတာထက် ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်သူဆိုရင် ပိုမှန်မယ်လို့ သူ့အမြင်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကိစ္စမှာ သူကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နိုင်ငံတကာနဲ့ မြန်မာအာဏာပိုင်တွေအကြား ကြားဝင်ညှိပေးခဲ့လို့ အောင်မြင်မှု ရခဲ့တယ်လို့ သူက ထောက်ပြပါတယ်။

“မြန်မာနိုင်ငံ အစိုးရက တကယ့်တကယ်ဆိုရင် ဒီလို ဒုက္ခရောက်တဲ့ လူတွေရဲ့ အကူအညီ ဆိုတာကတော့ နိုင်ငံတိုင်းမှာ ဝမ်းပန်းတသာ လက်ခံရမှာကို သူတို့က ဒီဘက်က မကြည့်ဘဲနဲ့ သူတို့ လုံခြုံရေးအရ ကြည့်တယ်၊ သူတို့ ကိုယ်ကျိုးအရ ကြည့်တယ် ဆိုတော့ လက်မခံဘဲ နေတာပေါ့။ အခုတော့ ကုလသမဂ္ဂ အတွင်းရေးမှူး အနေနဲ့ ဝင်ပါပြီး ကူညီပေးတဲ့ အခါကြတော့ ပိုကောင်းသွားတာပေါ့ဗျာ။”

မနေ့က ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ် သက်တမ်း နောက်တကြိမ် လက်ခံတဲ့ ပွဲမှာတော့ မစ္စတာ ဘန်ကီမွန်းက ကုလသမဂ္ဂရဲ့ ဦးဆောင်မှုကဏ္ဍ အရေးပါလာတာကို အလေးပေး ထောက်ပြပြီး ဒီကနေ့ ကာလမှာ တနိုင်ငံချင်း ပြဿနာတွေကို တနိုင်ငံချင်းကပဲ ဖြေရှင်းကိုင်တွယ်ဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာကို ပြောသွားပါတယ်။

“ဒါဟာ လက်ရှိ ကမ္ဘာကြီးရဲ့ ပကတိ အခြေအနေပါ။ ဒါကို ကျနော်တို့ ရုန်းကန် ဦးဆောင် သွားရပါလိမ့်မယ်။ ကုလသမဂ္ဂရဲ့ အခန်းက ဦးဆောင်ဖို့ ဖြစ်ပါတယ်။ ဒီ ကြီးမားတဲ့ တာဝန်ကို အားလုံး မျှေ၀ ဆောင်ရွက်ရပါလိမ့်မယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂ အရေးဟာ အရင်ကနဲ့မတူ ကွဲပြားပြီး ပိုမို နက်ရှိုင်းလာပါတယ်။ ကုလသမဂ္ဂက ဦးဆောင်သွားနိုင်ဖို့ဆိုရင် ရလဒ်ကောင်းတွေ ထုတ်ပေးနိုင်ရပါမယ်။” လို့ မစ္စတာ ဘန်ကီမွန်းက ပြောသွားပါတယ်။

အာရှ နိုင်ငံသားလည်းဖြစ်၊ မြန်မာနိုင်ငံ ကိစ္စမှာလည်း သဘောပေါက် နားလည်သူတဦး ဖြစ်လာတာကြောင့် မစ္စတာ ဘန်ကီမွန်း အခုလို အတွင်းရေးမှူးချုပ် အနေနဲ့ ထပ်အရွေးခံရတဲ့ အပေါ်မှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ ကြိုဆိုကြပါတယ်။

“ကျနော်တို့ ကုလသမဂ္ဂဆိုတာ မစ္စတာ ဘန်ကီမွန်းက လုပ်နိုင်တာတွေ အကုန်လုပ်လို့ မရပါဘူး။ လုပ်ခွင့်ရှိတာတွေပဲ လုပ်ရပါတယ်။ လုံခြုံရေးကောင်စီက နောက်ဆုံး အဆုံးအဖြတ် ဖြစ်ပါတယ်။ အဲတော့ မစ္စတာ ဘန်ကီမွန်း အနေနဲ့တော့ ရှေ့ဆက်ပြီး မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီးတော့ သဘောထား မှန်မှန်နဲ့ ဆက်လက် ဆောင်ရွက်သွားဖို့ကိုပဲ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

“ဟိုတုန်းက အခြေအနေနဲ့ မတူတော့ဘူး၊ အခြေအနေတွေက ပြောင်းလာတယ်ဆိုတော့ ကုလသမဂ္ဂက အများကြီး လုပ်နိုင်ပါလိမ့်မယ်။ လုပ်နိုင်ပါစေလို့လည်း ကျနော်ကတော့ ဆုတောင်းတာပေါ့ဗျာ။ သူ သက်တမ်းတိုးတာကို ကျနော်ကတော့ ဝမ်းသာပါတယ်။”

မစ္စတာ ဘန်ကီမွန်းဟာ သူ့ ပထမသက်တမ်းအတွင်း မြန်မာနိုင်ငံကို နှစ်ကြိမ် လာရောက်ခဲ့ဖူးပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပေမဲ့ နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ခွင့် မသာခဲ့ပါဘူး။ အခု ဒုတိယအကြိမ် သက်တမ်းကိုတော့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်အထိ တာဝန်ယူရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG