သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလညီလာခံကြီးမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် တင်သွင်းဖို့ EU နိုင်ငံများ ပြင်ဆင်


မကြာခင်မှာ ကျင်းပဖို့ရှိတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ တင်သွင်းမယ့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အမှတ် ၂၀ အတွက် မူကြမ်းကို EU ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံကြီးတွေက ရေးဆွဲနေချိန်မှာပဲ ကုလသမဂ္ဂ အထွေထွေ ညီလာခံက မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ် ပြစ်မှုတွေ၊ လူမဆန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ် ထူထောင်ဖို့အတွက် ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကနေ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့သမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ဖြစ်စေမှာမို့ ကုလသမဂ္ဂက ပါဝင်ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေပြီလို့လည်း ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို စက်တင်ဘာလထဲမှာ ကျင်းပတော့မှာမို့ ကမ္ဘာ့ခေါင်းဆောင်တွေ တွေ့ဆုံကြချိန်မှာ ဆွေးနွေးကြမယ့် မြန်မာ့အရေး ကိစ္စနဲ့ ပတ်သက်ပြီး တင်သွင်းမယ့် ဆုံးဖြတ်ချက် မူကြမ်းကို အခု EU ဥရောပနိုင်ငံတွေ ရေးဆွဲနေကြပြီလို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK က တာဝန်ခံ မာ့ခ် ဖာမနာ (Mark Farminer) က ပြောပါတယ်။

“အခုချိန်မှာ EU ဥရောပ သမဂ္ဂကနေ လာမယ့် အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ တင်သွင်းမယ့် ဆုံးဖြတ်ချက်အတွက် မူကြမ်းတွေ ရေးဆွဲနေပါတယ်။ အဲဒီမှာ ကမ္ဘာ့ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအတွက် ဆုံးဖြတ်ချက်တွေ ထုတ်ပြန်ပြီး လူ့အခွင့်အရေး ချိုးဖောက်တဲ့အတွက် ပြစ်တင် ရှုတ်ချကြမှာပါ။ များသောအားဖြင့် မြန်မာနိုင်ငံ စစ်အစိုးရကို လူ့အခွင့်အရေး မချိုးဖောက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ကိုပဲ တိုက်တွန်းကြပါတယ်။ ဒါပေမဲ့ ၁၉၉၁ ခုနှစ်တုန်းက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မှာ စာပိုဒ် နှစ်ပိုဒ် သုံးပိုဒ်ပဲ ပါပေမဲ့ အခုနောက်ပိုင်းမှာ စာမျက်နှာတွေ အများကြီး ဖြစ်လာတာကို တွေ့ရပါတယ်။”

မြန်မာနိုင်ငံအတွက် ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ၁၉ ခု ရှိခဲ့ပြီ ဖြစ်ပေမဲ့ ဒါတွေဟာ Non Binding လို့ခေါ်တဲ့ မလိုက်နာရင်လည်း ရတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေတာမို့ ထိရောက်မှု မရှိဘူးလို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ တောင်းဆိုမှုတွေကို မြန်မာစစ်အစိုးရက လိုက်နာ ဆောင်ရွက်မှု မရှိခဲ့တဲ့အတွက် အခုနောက်ဆုံး ထုတ်ပြန်မယ့် အမှတ် ၂၀ မှာ အရေးယူ ဆောင်ရွက်မှုတွေ ရှိလာဖို့အတွက် Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။

“မနှစ်က ဆုံးဖြတ်ချက် အမှတ် ၁၉ ကိုလည်း ဗိုလ်ချုပ်ကြီးတွေက ဂရုမစိုက်ဘဲ ထားတာကြောင့် အခု အမှတ် ၂၀ မှာတော့ တောင်းဆိုတာတွေ မလုပ်ဘဲ အရေးယူ ဆောင်ရွက်ကြဖို့ လိုပါပြီ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ မြန်မာနိုင်ငံထဲက စစ်ဗိုလ်ချုပ်ကြီးတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမဆန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ် ဖွဲ့စည်းပေးဖို့ တောင်းဆိုပါတယ်။”

ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ မြန်မာစစ်ခေါင်းတွေအပေါ် စစ်ရာဇဝတ်မှုနဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်နိုင်မယ့် အချက် အမြောက်အမြား ပါနေတာ တွေ့ရပေမဲ့ အခုထိ အရေးယူ ဆောင်ရွက်တာမျိုး မတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။ ဒီလို ကော်မရှင်တရပ် ဖွဲ့စည်းပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း မတ်လတုန်းက တောင်းဆိုခဲ့တာမို့ အခု ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ လက်တွေ့ အကောင်အထည်ဖော်ဖို့ အခွင့်ကောင်းတရပ် ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့အတွက် ရေးဆွဲထားတာဖြစ်ပြီး ဒီဥပဒေ အတည်ပြုသွားရင် ဒီရာဇဝတ် ပြစ်မှုတွေကို မြန်မာနိုင်ငံတွင်းက ဥပဒေနဲ့ အရေးယူနိုင်တော့မှာ မဟုတ်တဲ့အတွက် နိုင်ငံတကာ ဥပဒေနဲ့ အရေးယူနိုင်ဖို့ ကုလသမဂ္ဂက ပါဝင် ဆောင်ရွက်သင့်တယ်လို့လည်း ပြောပါတယ်။

အာရှ လူ့အခွင့်အရေးကောင်စီ (AHRC) ကလည်း မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ဟာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတာမို့ ကုလသမဂ္ဂကပါ ပါဝင်ဆောင်ရွက်လာဖို့ တိုက်တွန်းတယ်လို့ AHRC ပြောခွင့်ရ ဦးမင်းလွင်ဦးက ပြောပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာတဲ့ အစိုးရတရပ်က နအဖလက်ထက်က လုပ်ဆောင်ခဲ့တဲ့ မူဝါဒ လမ်းညွှန်ချက်တွေ၊ ဆောင်ရွက်ချက်တွေ၊ တာဝန်နဲ့ ရပိုင်ခွင့် အားလုံးကို ဆက်ခံတယ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ မှာ ပြဋ္ဌာန်းထားတယ်။ အစိုးရအဖွဲ့ဝင် တဦးဦးရဲ့ တာဝန်အရ ဆောင်ရွက်ချက်များပေါ်မှာ အကြောင်းပြုပြီး ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မပြုရ ဆိုပြီးတော့ တားမြစ်ထားတာကို တွေ့ရတယ်။

“ဒါကြောင့် နောင် တက်လာတဲ့ အစိုးရ အနေနဲ့ နအဖလက်ထက်က လုပ်ဆောင်ခဲ့တဲ့ ကိစ္စရပ်တွေ အပေါ်မှာ အရေးယူဖို့အတွက် ဘာမှ ဆောင်ရွက်နိုင်ခြင်း မရှိဘူး။ ပြည်တွင်းဥပဒေအရ ဆောင်ရွက်လာမယ် ဆိုရင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေက အပြီးသတ် ပိတ်ပင်ထားတဲ့ သဘောမျိုး ဖြစ်နေတယ်။ စစ်အစိုးရကနေပြီး ကျူးလွန်ခဲ့တဲ့ တချို့ကိစ္စရပ်တွေက ရွာလုံးကျွတ် မီးရှို့တဲ့ ကိစ္စရပ်တွေ၊ အစုအပြုံလိုက် သတ်တဲ့ကိစ္စတွေ၊ ဒီဥစ္စာတွေက လူသားမျိုးနွယ်စု အပေါ်မှာ ကျူးလွန်တဲ့ ကိစ္စရပ်တွေ၊ ဒါကြောင့်လည်း နိုင်ငံတကာကနေ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နေပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ကျူးလွန်ခဲ့တဲ့ လူသားမဆန်တဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီးတော့ နအဖစစ်အစိုးရကို အရေးယူနိုင်ဖို့အတွက် ဆုံးဖြတ်ချက်တရပ် ချမှတ်ဖို့လည်း လိုအပ်တယ်။

“ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုလည်း စုံစမ်း စစ်ဆေးဖို့အတွက် ကော်မရှင် သော်လည်းကောင်း၊ အထူးကိုယ်စားလှယ် သော်လည်းကောင်း ခန့်အပ်ပြီး တာဝန်ပေးဖို့ လိုတယ်။ ဒါကိုလည်း ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ လိုတယ်ဆိုတာကို ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်။”

AHRC အဖွဲ့ ပြောခွင့်ရ ဦးမင်းလွင်ဦး ပြောသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG