သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ မြန်မာ့အရေး ကြိုးပမ်းမှု NLD ကြိုဆို


ကုလ မြန်မာ့အရေး ကြိုးပမ်းမှု NLD ကြိုဆို
ကုလ မြန်မာ့အရေး ကြိုးပမ်းမှု NLD ကြိုဆို

ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ ပြဿနာတွေကြောင့် တိုင်းပြည်ရဲ့ အနာဂတ်ကို ထိခိုက်မှာမို့ ဒါတွေကို ဝိုင်းဝန်း ဖြေရှင်းပေးဖို့ အလေးအနက် ဆန္ဒရှိတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ ဒီပြောကြားချက်ကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ကြိုဆိုလိုက်ပေမဲ့ ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေးကို အရင်ကထက်ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။

မစ္စတာ ဘန်ကီမွန်းက မနေ့က ကုလသမဂ္ဂ ရုံးချုပ်မှာလုပ်တဲ့ ၁၄ နိုင်ငံပါတဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့မှာ အခုလို ရေရှည်ပြဿနာတွေကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို စိုးရိမ်တာအပြင် ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ ဝိုင်းကူဖို့ရှိတယ် ဆိုတာကို ပြောလိုက်တာ ဖြစ်ပါတယ်။ အခုလို ပြောလိုက်တာဟာ မြန်မာအစိုးရသစ် တက်လာအပြီးမှာ မြန်မာ့မိတ်ဆွေများ အဖွဲ့နဲ့ ပထမဆုံးတွေ့တဲ့ အစည်းအဝေးမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်းက မြန်မာအစိုးရသစ် တက်လာအပြီးမှာ သမ္မတသစ်က အပြောင်းအလဲအတွက် ကတိတွေ ပေးခဲ့ပေမဲ့ လက်တွေ့မှာ ဆန္ဒနဲ့ လုပ်နိုင်စွမ်း တကယ်တမ်း ရှိမရှိကိုတော့ အခုထက်ထိ မတွေ့ရသေးဘူးလို့ ဆိုလိုက်တာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က ကြိုဆိုလိုက်ပါတယ်။

“ကျနော်ကတော့ ဒီလိုပြောချင်တယ်ဗျ။ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်းမှာ ကတိတွေ ပေးကြတယ်ပေါ့ဗျာ၊ လူတွေအကြိုက်ကို လိုက်ပြီး ပြောတဲ့စကားတွေ ပြောတယ်။ အခုအထိလည်း ဘာတခုမှ မယ်မယ်ရရ အကောင်အထည် မပေါ်ဘူး။ ကျနော်တို့က ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒီအစိုးရအပေါ်မှာ ကျေနပ်စရာ လုံးဝမရှိဘူး။ ဒါပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဒီဟာကို အတည်ပြုပြီး ပြောတဲ့အခါကြတော့ ကျနော်တို့ အများကြီး ဝမ်းသာတယ်၊ ကြိုဆိုတယ်လို့ ပြောချင်ပါတယ်။”

ဘာကြောင့် အခုလို ကြိုဆိုလဲ ဆိုတာကို ဦးဝင်းတင်က ပြောတာက ပြတ်သားတာအပြင် လက်တွေ့အလုပ်လည်း ပါလာလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဘာလို့လဲဆိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာပြည် အရေးနဲ့ ပတ်သက်လို့ စိုးရိမ်ပါတယ်၊ စိုးရိမ်ပါတယ်ဆိုတဲ့ စကားထက် ပိုပြီးတော့ ဘာတခုမှ မပြောခဲ့ဘူး။ အဲဒီလို မပြောခဲ့တဲ့အတွက် ကျနော် တကြိမ်တုန်းကဆိုရင် ဘန်ကီမွန်း ဒီလိုသာ စိုးရိမ်တာတွေ လွန်နေရင်တော့ ခင်ဗျား နှလုံးရောဂါ ဖြစ်လိမ့်မယ်ဆိုပြီး ကျနော် ရယ်စရာ ပြောခဲ့ဖူးတာ ရှိတယ်။

“အခုတော့ ဘန်ကီမွန်းပြောတဲ့ စကားတွေက ပြတ်ပြတ်သားသား ဖြစ်တယ်လို့ တစ် ကျနော် ယူဆတယ်။ နံပါတ်နှစ်က အလုပ်ပါလာတယ်။ ကုလသမဂ္ဂကလည်း ဒီဟာတွေ လုပ်မယ်ဆိုရင် ကူမယ်ဆိုတဲ့ အလုပ်ပါ ပါလာတဲ့ အခါကြတော့ အလွန်ကောင်းတယ်လို့ ကျနော် ယူဆပါတယ်။”

ဒီဆွေးနွေးပွဲထဲမှာပဲ မစ္စတာ ဘန်ကီမွန်းက ရေရှည်ရှိလာတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေဟာ မြန်မာနိုင်ငံ ရှေ့သွားမယ့် လမ်းကြောင်းနဲ့ ရပ်တည်ချက်ကို ဒေသတွင်းမှာရော ကမ္ဘာတခုလုံးမှာပါ ထိခိုက်လာနိုင်တာမို့ အချိန်မဆွဲဘဲ ဖြေရှင်းသင့်တယ်လို့ သတိပေးလိုက်ပါတယ်။ အခုလို သတိပေးလိုက်တာကြောင့် မြန်မာအစိုးရဘက်ကလည်း ထူးထူးခြားခြား လိုက်လုပ်လာနိုင်ပါသလား ဆိုတာကိုတော့ ဦးဝင်းတင်က မထင်ဘူးလို့ ဆိုပါတယ်။

“ကျနော်ကတော့ သိပ်ပြီးတော့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ စစ်အစိုးရ အနေနဲ့က သူတို့မှာလည်း အကျပ်အတည်းတွေ အများကြီး ရှိလိမ့်မယ်လို့ ကျနော် ထင်တယ်။ တကယ်ပြောရရင်တော့ စစ်အစိုးရက မနေ့တနေ့ကပေါ့ဗျာ၊ ဒီ လွှတ်တော်တို့ ဘာတို့ မပေါ်ခင် ကာလလေးအထိကတော့ စစ်အစိုးရဆိုတာ တိုင်းပြည်ကို မှန်မှန် တိုက်စားနေတဲ့ ဘီလူးလိုပေါ့။ အဲဒီလို အနေအထားမျိုးကနေပြီးတော့ ချက်ချင်း မင်းသားရုပ်ဆောင်တဲ့ မျက်နှာဖုံးကို တပ်လိုက်ပြီးတော့ ဒီလိုစကားတွေ ပြောလာတယ်ပေါ့ဗျာ။ အရပ်သား စကားတွေ ပြောလာတယ်။

“အဲဒီလို အနေအထားဆိုတော့ သူတို့မှာ လုပ်နိုင်တဲ့ အနေအထား မရှိဘူးလို့ ကျနော်က ယူဆတယ်။ အထူးသဖြင့်ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စမျိုးတွေနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ ရိုက်ချိုးထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်လာရင် ဒီအစိုးရဟာ ပြင်နိုင်တဲ့ အနေအထား ရှိလိမ့်မယ် မဟုတ်ဘူးလို့ ကျနော်တော့ ထင်မြင်ပါတယ်။”

ဦးဝင်းတင်ကပဲ အခုလို လိုက်မလုပ်နိုင်တာက လုပ်နိုင်စွမ်း မရှိတဲ့အပြင် ဆန္ဒလည်း မရှိသေးတာကြောင့်ပါလို့ ဆက်ပြောပါတယ်။

“ဒေါ်စုလွတ်လာတဲ့အခါမှာ ဒီနေ့အထိလည်း ကျနော်တို့ ဒီပြဿနာတွေကို ရှင်းဖို့အတွက်ဆိုရင် တွေ့ဆုံပြီး စကားပြောဖို့သာ ဖြစ်ပါတယ်။ ဒါ တလျှောက်လုံး နှစ်ပေါင်း ၂၀ ကျော် ကျနော်တို့ ကိုင်စွဲခဲ့တဲ့ နိုင်ငံရေး ဖြေရှင်းမှု နည်းလမ်းပဲ။ ဒီနည်းလမ်းက အလွန်ရှင်းလင်း လွယ်ကူတယ်။ အဲဒီ ရှင်းလင်း လွယ်ကူတဲ့ ဟာတောင်မှ သူတို့ ဘာမှမလုပ်ခဲ့ဘူး ဆိုတဲ့ဟာ ဘာလဲဆိုရင် သူတို့မှာ နိုင်ငံရေးကို ဖြေရှင်းချင်တဲ့၊ ဒီပြဿနာကို စားပွဲဝိုင်းမှာ ထိုင်ပြီး ဖြေရှင်းချင်တဲ့ စိတ်စေတနာ မရှိဘူးလို့ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။”

အဲဒီတော့ ဘာကြောင့် အခုလို ပြောင်းလဲဖို့ ဆန္ဒနဲ့ လုပ်နိုင်စွမ်း မရှိရတာလဲလို့ မေးရာမှာတော့ ဦးဝင်းတင်ကပဲ စစ်တပ် ခေါင်းဆောင်ပိုင်းကို တည်ဆောက်ရာမှာ ငွေရှာဖို့နဲ့ ရာထူးတက်ဖို့ကိုပဲ အဓိကထားပြီး မှားယွင်းစွာ တည်ဆောက်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဝင်းတင်ကပဲ ကုလသမဂ္ဂဘက်ကလည်း အခုလို ပြတ်ပြတ်သားသား ပြောတာအပြင် ရှေ့မှာလည်း အမြဲတမ်း အထူးကိုယ်စားလှယ်ထားပြီး လက်တွေ့ကျအောင် လုပ်ဖို့လိုမယ်၊ ဘာကြောင့်လဲဆိုတော့ လက်ရှိ အတွင်းရေးမှူးချုပ်ရဲ့ အကြံပေးအရာရှိ မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) ဟာ ယာယီ ကိုယ်စားလှယ်သာ ဖြစ်ပြီး မြန်မာပြည်မှာ စုံစမ်းနိုင်တဲ့ အဆင့်နဲ့ အကြံပေးနိုင်တဲ့ အဆင့်ပဲ ရှိတယ်၊ တကယ်တမ်း လုပ်ပိုင်ခွင့် မရှိဘူး၊ ဒါကြောင့် လုပ်ပိုင်ခွင့်ပါရှိမယ့် အမြဲတမ်း အထူးကိုယ်စားလှယ် ခန့်ပြီး လုပ်သွားဖို့ လိုမယ်လို့ ဆိုပါတယ်။

XS
SM
MD
LG