သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နိုင်ငံခေါင်းဆောင်တွေ တာဝန်ရှိ၊ ကုလ သတိပေး


လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နိုင်ငံခေါင်းဆောင်တွေ တာဝန်ရှိ၊ ကုလ သတိပေး
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နိုင်ငံခေါင်းဆောင်တွေ တာဝန်ရှိ၊ ကုလ သတိပေး

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အောက်ခြေပိုင်းက လုပ်နေတာ၊ မိမိတို့မှာ တာဝန်မရှိဘူးဆိုပြီး အဲဒီနိုင်ငံရဲ့ စစ်ဘက်ရော နိုင်ငံရေး ခေါင်းဆောင်တွေပါ ရှောင်ထွက်သွားလို့ မရနိုင်ဘူးလို့ ကုလသမဂ္ဂ အရာရှိတဦးက သတိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဒီလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အာဏာပိုင်ဘက်က စနစ်တကျ ကျူးလွန်မှုတွေ ရှိနေတယ်ဆိုပြီး စွပ်စွဲခံနေရတဲ့ နိုင်ငံပါ။ မြန်မာနိုင်ငံတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ဖြစ်ရပ်တွေဟာ အောက်ခြေပိုင်းက ကျူးလွန်နေကြတာ၊ သူတို့နဲ့ ဘာမှမဆိုင်ဘူး၊ မသိဘူးဆိုပြီး မြန်မာစစ်ခေါင်းဆောင်တွေရော ဘယ်လောက်အထိ ခေါင်းရှောင်နိုင်မလဲ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ရပ် မှတ်တမ်းတွေဟာ ဟိုးအရင် စစ်အေးကာလတုန်းကလိုတော့ မဟုတ်တော့ပါဘူး။ နိုင်ငံတကာမှာ လေးစားရတဲ့ လူ့အခွင့်အရေး အဖွဲ့ကြီးတွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂလိုမျိုး နေရာမှာတောင် အထောက်အထားတွေ၊ အစီရင်ခံစာတွေ၊ ဆုံးဖြတ်ချက်တွေ နှစ်စဉ်လိုလို ရှိပါတယ်။ အထူးသဖြင့် အရပ်သားတွေအပေါ် စစ်ဆင်အကြမ်းဖက်တာ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားတာဆိုတဲ့ အထောက်အထား၊ အချက်အလက်တွေ၊ အစီရင်ခံစာတွေလည်း ရှိနေပါတယ်။

ဒီအပေါ် အရေးယူတာမျိုးတွေဟာ အခုလို စစ်အစိုးရ အာဏာကြီးနေတဲ့ အချိန်မှာ ချက်ချင်းကြီး ဖြစ်မလာနိုင်ပေမဲ့ ဒီနေ့ နိုင်ငံတကာ စနစ်တွေအရ လုံးလုံး ရှောင်လွဲှသွားနိုင်တဲ့ အခြေအနေမျိုးတော့ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ စစ်ပွဲနဲ့ ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မာဂေါ့တ် ဝေါလ်စ်ထရွမ်း (Margot Wallstrom) က ဒါနဲ့ပတ်သက်လို့ မနေ့ကပဲ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မာဂေါ့တ် ဝေါလ်စ်ထရွမ်း။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မာဂေါ့တ် ဝေါလ်စ်ထရွမ်း။

“မိမိ လက်အောက်ငယ်သားတွေ ကျူးလွန်ခဲ့ကြတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို မတားဆီးနိုင်ရင်တော့ အဲဒီ ရာဇဝတ်မှုတွေ တိုက်ရိုက် ပတ်သက်သည်ဖြစ်စေ၊ သွယ်ဝိုက် ပတ်သက်နေသည်ဖြစ်စေ ဘယ်စစ်ခေါင်းဆောင်၊ ဘယ်နိုင်ငံရေး ခေါင်းဆောင်မှ အဲဒီအမှုတွေကို ရှောင်ကွင်းသွားလို့ မရနိုင်ပါဘူး။”

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုင်ရာ တားဆီးရေး၊ စစ်ပွဲနဲ့ ပဋိပက္ခတွေအတွင်း အရပ်သားတွေကို အကာအကွယ် ပေးရေးဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေဟာ တကယ်တော့ နိုင်ငံတကာ ဥပဒေတွေလို့ သတ်မှတ်နိုင်ပါတယ်။ အခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမျိုးတွေဟာ မိမိနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကျော်လွန်ပြီး နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာမျိုး ဖြစ်တာကြောင့် ဘယ်လို၊ ဘယ်အချိန်မှာမှ ခွင့်လွှတ်နိုင်တဲ့ ကိစ္စတွေ မဟုတ်ဘူးလို့ NCGUB မြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောပါတယ်။

“Commission of Enquiry ကိစ္စတွေ အခုပြောနေတဲ့ နေရာမှာ Social Violence က Violation of Geneva Convention, Humanitarian Law ဒါကို အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ ကျူးလွန်တဲ့ဟာပေါ့။ Sexual Violence က War Crime နဲ့ Crime against humanity ထဲမှာ ပါတဲ့ဟာ တခုပဲလေ။ အဲဒီဟာက နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာ အကာအကွယ်ပေးမှုကို ကျော်ပြီးတော့ နိုင်ငံတကာ တရားဥပဒေနဲ့ ဆိုင်သွားတာပေါ့။ ဒါကြောင့် ဒီလိုမျိုး Sexual Violence ကျူးလွန်တဲ့ ကိစ္စတွေဟာ တချိန်ချိန်မှာ ပြန်လည် အရေးယူတာတွေကို မလွတ်ဘူး ဆိုတဲ့ဟာကို ပြောတာပါ။”

ဒါပေမဲ့ ဒီဖြစ်ရပ်တွေအပေါ်မှာ နှစ်စဉ်ပေါ့ အထွေထွေ ညီလာခံမှာရော လူ့အခွင့်အရေးကောင်စီ၊ အရင် လူ့အခွင့်အရေး ကော်မရှင်တွေမှာ ဆွေးနွေးတာတွေ ဆုံးဖြတ်တာတွေ ရှိထားတာပဲ၊ မြန်မာစစ်ခေါင်းဆောင်တွေက အခုချိန်ထိ ပိုနေမြဲ၊ ကျားနေမြဲလို ရပ်နေနိုင်တာပဲ မဟုတ်ဘူးလားခင်ဗျ။

“အဲဒါတွေကတော့ အချိန်ကာလနဲ့ အခြေအနေတွေ အပေါ်မှာ မူတည်တာပေါ့။ ဥပမာ ရဝမ်ဒါတို့၊ ဘော့စ်နီးယားတို့၊ အဲဒီလို နေရာမျိုးတွေမှာ Crimes တွေနဲ့ ပတ်သက်လို့ ကာလတခုမှာတော့ ပြန်ပေါ်လာတာပေါ့။ ပြန်ပေါ်လာပြီးတော့ အရေးယူနိုင်တဲ့ အနေအထားတွေလည်း ဖြစ်တာပေါ့။ နိုင်ငံတခုချင်းရဲ့ အခြေအနေပေါ်မှာလည်း မူတည်တယ်လေ။ ကျနော်တို့က ဘယ်တော့ အရေးယူနိုင်မှာလဲ၊ ဘယ်လောက် အရေးယူနိုင်မှာလဲတော့ တခါတည်း တွက်ပြောလို့တော့ မရဘူးပေါ့။”

ဒေါက်တာသောင်းထွန်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုတဲ့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှု ရှိမရှိ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး အခု လူ့အခွင့်အရေး အဖွဲ့တွေရော နိုင်ငံအချို့ကပါ ထောက်ခံလျက် ရှိကြပါတယ်။ ဒီအထဲမှာ အခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း အချက်တချက် အနေနဲ့ ပါဝင်နေပါတယ်။

EU ဥရောပသမဂ္ဂကနေ လာမယ့် အထွေထွေ ညီလာခံကို တင်သွင်းမယ့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းထဲမှာ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့ရေးကို ထည့်သွင်းနိုင်ဖို့ EU ဥရောပသမဂ္ဂထဲမှာ ကြိုးပမ်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ EU ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆုံးဖြတ်ချက် မူကြမ်းထဲမှာ အဲဒီ ကော်မရှင်ဖွဲ့ရေးကိစ္စ ပါလာရင်တော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG