သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Noleen Heyzel ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် သုံးသပ်သူတချို့အမြင်


မြန်မာ့အရေး နှစ်ပေါင်း ၃၀ ကျော်ကြာ ကုလသမဂ္ဂရဲ့ အထူးသံတမန်တွေခန့်အပ်ပြီး ကြိုးပမ်းခဲ့ရာမှာ အခုနောက်ဆုံး ကုလသမဂ္ဂ အထူးသံတမန် Noeleen Heyzer လက်ထက်မှာလည်း အောင်မြင်မှုမရတဲ့အတွက် ဒီနေရာကိုဖယ်ရှားပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံကိစ္စကို တိုက်ရိုက်ကိုင်တွယ်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ တောင်းဆိုနေကြပါတယ်။
တဖက်မှာလည်း မြန်မာ့အရေးဖြေရှင်းရေးမှာ စစ်ကောင်စီရော၊ ကုလသမဂ္ဂကပါ နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုက အဓိကဖြစ်တယ်လို့ သုံးသပ်သူတွေရှိနေပါတယ်။
ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြမှာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်က နေပြည်တော်မှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် Noeleen Heyzer ရဲ့ အငြင်းပွားဖွယ်ရာ ခရီးစဉ်အပေါ်မှာ မြန်မာအပါအဝင် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က ဝေဖန်ကန့်ကွက်ခဲ့ကြတာပါ။ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့အမှုဆောင်ညွန်ကြားရေးမှူး Anna Roberts က အခုလို ဗွီအိုအေကို ပြောပါတယ်။

"အခု ကုလသမဂ္ဂအထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်က ဘာကို မီးမောင်းထိုးပြနေသလဲဆိုရင် သူ့ရဲ့ ခရီးစဉ် ရော၊ သူ့ရဲ့ရာထူးတာဝန်နေရာအရ ပါ အောင်မြင်မှုမရဘူးဆိုတာကို ပြနေတာပါ။ အထူးသံတမန်ရဲ့ခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်ဆွဲနှုတ်ဆက်ပြုံးနေတဲ့ ဓါတ်ပုံတွေကို စစ်ကောင်စီက သူတို့ဝါဒဖြန့်ချိရေးအတွက် အသုံးပြုနေတာကို ကျမတို့ မြင်နေရပါတယ်။ ဒါက ကုလသမဂ္ဂ အထူးသံတမန်ရာထူး ဆိုတဲ့နေရာအတွက် သုံးတာဖြစ်နေပါတယ်။"

ဆယ်စုနှစ်များစွာကတည်းက ကုလသမဂ္ဂ အထူးသံတမန်တွေ အနေနဲ့ မြန်မာစစ်အစိုးရအဆက်ဆက်ကို ထိတွေ့ဆက်ဆံမှုတွေပြုလုပ်ခဲ့တာပါ။ ဒါပေမယ့် ဒီလိုထိတွေ့ဆက်ဆံမှုတွေတိုင်းမှာ တိုးတက်တဲ့ ဒါမှမဟုတ် ထင်သာမြင်သာရှိတဲ့ ရလာဒ်တွေ ထွက်ပေါ်လာခြင်းမရှိခဲ့ဘူးလို့လည်း Anna Roberts ကဆိုပါတယ်။ ဒါကြောင့် အထူးသံတမန် ရာထူးတာဝန်ကို ဖယ်ရှားပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတားရပ်စ်ကိုယ်တိုင် သူ့ရဲ့အခွင့်အာဏာကို အသုံးချပြီး မြန်မာ့အရေးကို တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်သင့်တယ်လို့ Anna Roberts ကပြောပါတယ်။

"ဘာကြောင့်လည်းဆိုရင် အထူးသံတမန်ရဲ့ ရာထူးနေရာဟာ ကံဆိုးစွာပဲ ဘာမှလုပ်နိုင်စွမ်းမရှိပါဘူး။ ဒါကို စစ်တပ်က သိပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်တွေကို လစ်လျူရှုရင် ကြီးမားတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရဖို့ မရှိဘူးဆိုတာ သူတို့က သိနေပါတယ်။ ပြီးတော့ ဒီအထူးသံတမန်ဆိုတဲ့ နောက်ကွယ်မှာ တကယ့်အာဏာဆိုတာမျိုး မရှိပါဘူး။ ဒါကြောင့်လည်း ကျမတို့ အဖွဲ့နဲ့ အခြား အရပ်ဘက် အဖွဲ့အစည်းတွေက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဆိုတဲ့ ရာထူးနေရာက ဘာမှလုပ်နိုင်တာမရှိတဲ့အတွက် ဒီရာထူးကို ဖယ်ရှားဖို့ တောင်းဆိုနေကြတာပါ။ ကျမတို့ မြင်တွေ့ချင်တာကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ဦးဆောင်ကြိုးပမ်းစေချင်တပါ။ စစ်အာဏာသိမ်းမှုကို ရပ်တန့်ပြီးတော့ စစ်အာဏာကို ချုပ်ငြိမ်းစေဖို့၊ မြန်မာနိုင်ငံအတွက် တရားမျှတမှုနဲ့ ဒီမိုကရေစီရေး ဆောင်ကြဉ်းပေးနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စည်းစည်းလုံးလုံးနဲ့ ကြိုးပမ်းဆောင်ရွက်နိုင်ရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင် ဦးဆောင်စေချင်ပါတယ်။"

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်နေသူ ဦးအောင်သူငြိမ်းကတော့ သူ့ရဲ့အမြင်ကို အခုလို ဗွီအိုအေကိုပြောပါတယ်။

"ကျနော်မြင်တာကတော့ ပူးပေါင်းဆောင်ရွက်မှုကို အကြံပြုချင်တယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်လာလည်း အလုပ်မဖြစ်နိုင်ဘူး။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အာဆီယံ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ စသဖြင့် ဒေသတွင်း အရေးကြီးတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အားကိုယူမှ အလုပ်ဖြစ်မယ်လို့ ကျနော်မြင်ပါတယ်။"


စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်လို့ ကုလ အထူးကိုယ်စားလှယ် Noeleen Heyzer ရဲ့ ထုတ်ပြန်ချက်မှာ သံတမန်ရေးဆွေးနွေးချက်တွေကို အကြမ်းဖျင်းဖေါ်ပြခဲ့ပေမယ့် စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာမဟုတ်ဘူးလို့ ရေးသားထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ မကျေမနပ်ဖြစ်ခဲ့တဲ့ စစ်ကောင်စီဘက်က တုံ့ပြန်ရာမှာ အထူးကိုယ်စားလှယ်ရုံး ထုတ်ပြန်ချက်ကြောင့် နိုင်ငံတကာနဲ့ ပြည်သူတွေကြား အထင်အမြင်လွဲမှားစရာ ဖြစ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ဘာတွေပြောဆိုခဲ့သလဲဆိုတာကို အသေးစိတ် ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ထုတ်ပြန်ချက်မျိုးဟာ သံတမန်ရေးကျင့်ဝတ်ကို စစ်ကောင်စီဘက်က လေးစားမှုမရှိဘူးဆိုတာကို ပြသနေတယ်လို့ Anna Robberts က ပြောပါတယ်။

"သူတို့က စိတ်ပျက်တယ်ဆိုပေမယ့် တကယ်တမ်း ကုလသမဂ္ဂ အထူးသံတမန်ရဲ့ ထုတ်ပြန်ချက်ဟာ အရမ်းကို အားနည်းပါတယ်။ သူရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံထဲကို ဝင်ရေး၊ စစ်အာဏာသိမ်းထားတဲ့သူတွေနဲ့ တွေ့ဆုံရေးပဲဖြစ်တယ်ဆိုကတည်းကိုက အရမ်းကို အားနည်းပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မြန်မာနိုင်ငံအပေါ် စိုးရိမ်မကင်းဖြစ်မှုနဲ့ ပတ်သက်တဲ့ အမှာစကားတွေကိုလည်း သူ့အနေနဲ့ အမှန်တကယ်ပြောနိုင်ခဲ့ခြင်းမရှိပါဘူး။ နောက်ပြီးတော့ အထူးသံတမန်နဲ့ ဆွေးနွေးခဲ့တဲ့ အချက်တွေကို စစ်တပ်က အသေးစိတ်ထုတ်ပြန်ခဲ့တာကိုကြည့်ရင် ဒီရာထူးတာဝန်အပေါ်မှာ သူတို့ဘက်က လေးစားမှုလုံးဝမရှိဘူးဆိုတာကို ပြနေပါတယ်။ ဒါကြောင့် ရလာဒ်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီး မြန်မာ့အရေးမှာ ကုလသမဂ္ဂအကြီးအကဲကိုယ်တိုင် သူ့ရဲ့အခွင့်အာဏာကို အမှန်တကယ်အသုံးပြုဖို့ လိုအပ်နေပါတယ်။"

Noeleen Heyzer ရဲ့ ပထမဆုံးမြန်မာခရီးစဉ်ဟာ အဖုအထစ်တွေဖြစ်ခဲ့ပေမယ့် ဒါဟာ အစပျိုးတဲ့ အခြေအနေဖြစ်တာကြောင့် ရှေ့ဆက် အလုပ်ဖြစ်ဖို့ဆိုရင် နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေရှိဖို့ လိုအပ်တယ်လို့ မြင်ကြောင်း ဦးအောင်သူငြိမ်းက ပြောပါတယ်။

လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer မတိုင်ခင် တာဝန်ယူခဲ့သူတွေကတော့ ၁၉ ၉ ၀ ခုနှစ်က ဂျပန်အမျိုးသမီးသံတမန်ဟောင်း Sadako Ogata၊ သူ့နောက်မှာ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၆ ခုနှစ်ထိ မလေးရှား စီးပွားရေးသမား ရာဇာလီအစ္စမေးလ်၊ အဲဒီနောက် နိုင်ဂျီးရီးယားသံတမန် အီဗရာဟင်ဂမ်ဘာရီ တို့ အသီးသီးဖြစ်ပါတယ်။ Noeleen Heyzer မတိုင်ခင် ဆွစ်ဇာလန်သံအမတ်ကြီးဟောင်း Christine Schraner Burgener က ၂၀၁၈-၂၀၂၁ခုနှစ်ထိ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အဖြစ် တာဝန်ယူခဲ့ပါတယ်။

XS
SM
MD
LG