သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္တီလာမြို့ကို ကုလ ကိုယ်စားလှယ် ရောက်ရှိ


ကုလအထူးကိုယ်စားလှယ် Vijay Nambiar မိထ္ထီလာမြို့ ဒုက္ခသည်စခန်းတွေကို မတ်လ က ရောက်ရှိခဲ့စဉ်က။
ကုလအထူးကိုယ်စားလှယ် Vijay Nambiar မိထ္ထီလာမြို့ ဒုက္ခသည်စခန်းတွေကို မတ်လ က ရောက်ရှိခဲ့စဉ်က။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယားဟာ ဒီကနေ့ မြစ်ကြီးနားမြို့ကနေ ထွက်ခွာပြီး မန္တလေးတိုင်း မိတ္ထီလာမြို့ကို ရောက်ရှိနေပါတယ်။ မိတီလာမြို့မှာတော့ မတ်လက ဖြစ်ပွားခဲ့တဲံ ဘာသာရေး ပဋိပက္ခနောက်ပိုင်း ဖွင့်လှစ်ခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ကယ်ဆယ်ရေး စခန်းတွေကို သွားရောက်ပြီးတော့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တယ် လို့ အုပ်ချုပ်ရေး အရာရှိတဦးက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ ကချင်ပြည်နယ်မြစ်ကြီးနားကနေ မနက် ၁၀နာရီလောက်ကနေ ထွက်ခွာခဲ့ပြီး မန္တလေးကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ညနေ ၃နာရီလောက်မှာတော့ မိတ္ထီလာမြို့ကို ရောက်ရှိခဲ့ပါတယ်။
မိတ္ထီလာမြို့မှာတော့ ကယ်ဆယ်ရေးစခန်းတွေကိုသွားရောက်ကြည့်ရှုခဲ့တယ်လို့ မိတ္ထီလာခရိုင်အုပ်ချုပ်မှုး ဦးတင်မောင်စိုးက ပြောပါတယ်။

"ရတနာမောင်ရပ်ကွက်ထဲက ဘင်္ဂလီဗလီရှိတယ်။ နောက် ရန်လင်းအောင်နဲ့ မင်္ဂလာဇေရုံနားက မီးလောင်သွားတဲ့ အာရဗီကျောင်း ရှိတယ်။ နောက် ချမ်းအေးဗလီရှိတယ်။ နောက်ကျနော်တို့ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေးစခန်း၊ အင်ကုန်း အဲ့တာရှိတယ်။ နောက် ဆက်သွယ်ရေးရိပ်သာမှာ ဘာသာပေါင်းစုံနဲ့ တွေ့ဆုံ တယ်။ ဆွေးနွေးတာကတော့ အားလုံး အတူတကွနေတာမြင်ရတာ သူလည်းဝမ်းသာတယ်လို့ပြောတယ်။ "

မိထ္ထီလာမြို့မှာ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေးစခန်း သုံးခုနဲ့ အစ္စလာမ်ဘာသာ ကယ်ဆယ်ရေးစခန်း သုံးခုရှိတာ ဖြစ်ပြီး ဗုဒ္ဓဘာသာစခန်းတွေမှာ လူငါးရာလောက်နဲ့ အစ္စလာမ်ဘာသာ စခန်းတွေမှာတော့ လူသုံးထောင်လောက်ရှိနေတာဖြစ်ပါတယ်။

မစ္စတာနမ်ဘီးယားမှာ ဒီကနေ့ညနေငါးနာရီခွဲမှာတော့
မိတီလာမြို့ကနေ နေပြည်တော်ကို ခရီးဆက်လက်ထွက်ခွာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ရောက်ရှိပြီး ပြည်နယ်အစိုးရ အပါအဝင် ဘာသာရေးအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံခဲ့သလို မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

အဲဒီနောက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာကိုလည်း သွားရောက်ပြီး လိုင်ဇာဒေသက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။
KIO ဌာနချုပ်လိုင်ဇာကိုလာရောက်တာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခြေအနေနဲ့ IDPလို့ ခေါ်ကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေ အခြေအနေကို လာရောက်လေ့လာတဲ့သဘောလို့ KIO နည်းပညာအကြံပေးအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးဒေါင်ခါးက ပြောပါတယ်။

"မေလ ၂၈၊ ၃၀က ယူအန်ကိုယ်စားလှယ်ပါပြီးတော့ ကျနော်တို့ ခုနှစ်ချက် သဘောတူညီချက်ပေါ့နော်။ သဘောတူညီထားတဲ့ဆိုတော့ အဲ့ဒီ့နောက်ဆက်တွဲအနေနဲ့ ဘယ်အဆင့်အထိ ပြင်ဆင်မှုတွေရှိပြီလဲပေါ့။ တိုးတက်မှု ဘယ်လောက်အထိ ရှိပြီလဲဆိုတာ သူလည်း သိချင်တဲ့ သဘောပေါ့။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို အခုညှိနှိုင်းဆွေးနွေးရေးခြေလှမ်း ကို ရှေ့ကို ပိုပြီးတော့ သွားစေချင်တယ်။ ဆိုတော့ သူတို့ရဲ့ပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍကိုလည်း ပိုပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်။ ပြီးတော့ ရှေ့ဆက်သွားမယ့်ဟာတွေကိုလည်း ကြားအနှောင့်အယှက်တွေကြောင့် မရပ်သွားစေချင်ဘူး။ ပြီးတော့ ဒုက္ခသည်တွေကို စိုးရိမ်ပူပင်မိတဲ့အတွက် ကူညီထောက်ပံ့မှုတွေကို ပိုပြီးတော့ ထိထိရောက်ရောက် ကူညီထောက်ပံ့နိုင်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာတွေပေါ့။ ဆိုတော့ အားလုံးခြုံငုံလာတဲ့သဘောပါ။"

မစ္စတာနမ်ဘီယားဟာ မေလ ကုန်ပိုင်းက ကျင်းပခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေး တည်ဆောက်ရေးအဖွဲ့ ဆွေးနွေးပွဲ ကိုလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ဖူးသူဖြစ်ပါတယ်။

သူ့ရဲ့ ကချင်ပြည်နယ်ခရီးစဉ်နဲ့ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက အခုလို သုံးသပ်ပြောဆိုပါတယ်။

"ဟုတ်ကဲ့။ ကျနော်တို့သုံးသပ်တာကတော့ ဘာပဲဖြစ်ဖြစ်လေ။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အခုလို လာတွေ့တယ်ဆိုတော့ ကျနော်တို့ အများကြီး ရှေ့ဆက်ပြီးတော့ နိုင်ငံတော် အစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ့လေ။ အဲ့တာနဲ့ပတ်သက်ပြီးတော့မှ အလားအလာကောင်းတယ်လို့ ဒီလိုပဲ သုံးသပ်မိပါတယ်။"

မစ္စတာနမ်ဘီးယားရဲ့ မိတ္ထီလာ ခရီးစဉ်မှာတော့ အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင် အတော်များများ ချထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လက မြန်မာပြည်ကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားရဲ့ခရီးစဉ်မှာတော့ KIO ဌာနချုပ်လိုင်ဇာကို သွားရောက်ခွင့် မရခဲ့သလို မိတ္ထီလာမှာ လူထုက ဆနပြခဲ့တာကြောင့် ကယ်ဆယ်ရေးစခန်းတွေကိုလည်း သွားရောက်မလေ့လာနိုင်ခဲ့ပါဘူး။
XS
SM
MD
LG