သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို လုံခြုံရေးကောင်စီ ပြင်းထန်စွာ ရှုတ်ချ


မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းတပ်ဒုံးကျည် နောက်ဆုံးပစ်လွှတ်ခဲ့မှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်ခဲ့ပြီး နောက်ထပ် ထိရောက်တဲ့ အရေးယူမှုတွေ လိုအပ်ရင် လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

လုံခြုံရေးကောင်စီအဖဲ့ွဝင် ၁၅ နိုင်ငံက အင်္ဂါနေ့မှာ အရေးပေါ် တွေ့ဆုံခဲ့ပြီးနောက် ဒုံးကျည်ပစ်လွှတ်မှုအပေါ် အပြစ်တင်ကြောင်း သဘောတူ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တနင်္လာနေ့တုန်းက မြောက်ကိုရီးယား ပစ်လွှတ်ခဲ့တဲ့ Rodong ဒုံးကျည်တွေဟာ ကီလိုမီတာ ၁ ထောင်အထိ အဝေးကိုသွားခဲ့ပြီး ဂျပန်ရဲ့ လေကြောင်းရန် ကာကွယ်ရေးဇုံထဲအထိ ရောက်ခဲ့တာဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေအပေါ် မြောက်ကိုရီးယားက အကြီးအကျယ် ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်မှုတွေကို ချိုးဖောက်ရာရောက်မယ့် နျူကလီးယားစမ်းသပ်မှုတွေ အပါအဝင် နောက်ထပ် ဆောင်ရွက်မှုတွေ မလုပ်ဖို့လည်း မြောက်ကိုရီးယားကို သတိပေးခဲ့ပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လိုက်နာခြင်း ရှိ မရှိ စောင့်ကြည့်နေတဲ့ ကော်မတီကိုလည်း မြောက်ကိုရီးယားအပေါ် ဆုံးဖြတ်ချက်အတိုင်း အရေးယူ ဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့ အမိန့်ပေးခဲ့သလို လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆောင်ရွက်မှုတွေအတိုင်း အကောင်အထည်ဖော်နိုင်အောင် နိုင်ငံတွေအနေနဲ့ ၂ ဆ ကြိုးစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

နောက်ထပ် ပြတ်ပြတ်သားသား ဆောင်ရွက်မှုတွေ လုပ်စေချင်တဲ့ ထုတ်ဖော်ပြောသံတွေကိုလည်း လုံခြုံရေးကောင်စီ အစည်းဝေးခန်းထဲမှာ ကြားခဲ့ရတယ်လို့ အမေရိကန်သံအမတ်ကြီး Samantha Power က သတင်းထောက်တွေကို အစောပိုင်းက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG